Myanmar Digital News

လွိုင်လင်ခရိုင်အတွင်းရှိ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း ရေပြန်လည်ကျဆင်းလာပြီဖြစ်၍ ကုန်တင်ယာဉ်များ စတင်ဖြတ်သန်းသွားလာနိုင်

လွိုင်လင် နိုဝင်ဘာ ၁၅

 

ရှမ်းပြည်နယ်တွင် နိုဝင်ဘာ ၁၀ ရက်မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်လင်ခရိုင်အတွင်းရှိ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၁၆၉/၅ နှင့် ၁၆၉/၆ ကြားရှိ တိုးဂိတ်အနီး(၂)မိုင်ကွေ့ လမ်းအနိမ့်ပိုင်းတွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ကားလမ်းပေါ် ရေကျော်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကုန်တင်ယာဉ်များ စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါနေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် နိုဝင်ဘာ ၁၂ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားပြည်သူများ၊ ခရီးသည်တင်ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ကုန်တင်ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာ အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေးအတွက် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်နေရာတွင် မီးသတ်ကား ရှစ်စီးနှင့် ရေစုပ်ထုတ်စက်ကြီး သုံးလုံး၊ သီးခြားယာဉ်၊ စက်ယန္တရားများဖြင့် ရေများအမြန်ဆုံး စုပ်ထုတ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်နှင့်အညီ နယ်မြေခံတပ်နယ်မှူး၊ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူးတို့က အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်းလုပ်ငန်းရှင်ကုမ္ပဏီများမှ ယာဉ်စက်ယန္တရားများ၊ ရေစုပ်စက်များဖြင့် နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ကားလမ်းရေကျော်နေမှု ပြန်လည်ကျဆင်းလာပြီဖြစ်၍ ကုန်တင်ယာဉ်ကြီးများ စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရပြီး လမ်းပေါ်ရေများ တင်ကျန်မှု မရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News