Myanmar Digital News

ထားဝယ်မြို့တွင် ငွေကျပ် ၅၉၈၅ ဒသမ ၉၆ သိန်းတန်ဖိုးနှင့် ကျောက်မဲမြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော် နိုဝင်ဘာ ၁၅ 

 

ထားဝယ်မြို့တွင် ငွေကျပ် ၅၉၈၅ ဒသမ ၉၆ သိန်းတန်ဖိုးနှင့် ကျောက်မဲမြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများကိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ထားဝယ်မြို့ ဗျောတောဝရပ်ကွက် မြို့ပတ်လမ်းတွင် မြိတ်မြို့ ထားဝယ်ကမ်းရပ်ကွက်နေ ထက်နိုင်စိုး (၂၉) နှစ် မောင်းနှင်ပြီး မြိတ်မြို့ ကောလိပ်ရပ်ကွက်နေ မသိမ်မွေ့မိုး (၂၆) နှစ် လိုက်ပါလာသော KLUGER ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၁၉၉၅၃၂ ပြား (တစ်ပြားလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၉၈၅ ဒသမ ၉၆ သိန်း) သိမ်းဆည်းရမိသဖြင့် ထက်နိုင်စိုးနှင့် မသိမ်မွေ့မိုးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျောက်မဲမြို့နယ် ဗူးခါးရွာအနီး ကျောက်မဲ-သီပေါသွားကားလမ်းတွင် ကျောက်မဲမြို့နယ် နားထွမ်ရွာနေ စိုင်းစံလှ (၂၅) နှစ် မောင်းနှင်လာသော SHAYAN-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၂၂၀၀၀ (တစ်ပြား လျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၁၀) သိမ်းဆည်းရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မမိမိခိုင် (ခ) မခိုင် (၅၆) နှစ်အား ကျောက်မဲမြို့ အုတ်ကျင်း (၁) ရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းစံလှနှင့် မမိမိခိုင် (ခ) မခိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News