Myanmar Digital News

မြန်မာနိုင်ငံလုံးဆိုင်ရာ (ဆဋ္ဌမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

ဟိုပုံး နိုဝင်ဘာ ၁၅

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ (ဆဋ္ဌမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရအသင်းကြီးက ကြီးမှူးကျင်းပသည့် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီတွင် နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပသည်။

 

လောင်းလှူ

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နာဂပုရ သာသနာ လင်္ကာရသာမဏေကျော်အသင်းက ကြီးမှူးကျင်းပသည့် (ဆဋ္ဌမ အကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့် ရဟန်းသာမဏေနှင့် သီလရှင်များကို ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က ဆီဆိုင်မြို့ ဇဝနာရာမ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် နာဂပုရ သာသနာလင်္ကာရအသင်းကြီး ဩဝါဒါစရိယ မဟာထေရ်ထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူကြသည်။

 

ထို့နောက် ဆီဆိုင်မြို့ ဇဝနာရာမ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်က သာရဏီယ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲအသင်းက ကြီးမှူးကျင်းပသော နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ရ အထူးအောင် သံဃာတော်နှင့် သီလရှင်တို့အား ပအိုဝ်းဝိသာခါ ဓမ္မစကြာအသင်းမှ ရှစ်လုံးဘွဲ့ ကဗျာဖြင့် ပူဇော်ကြသည်။

 

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နာဂပုရ သာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲ၌ အထူးအောင် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အလှူငွေများ ဆက်ကပ်ကြပြီး နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ ဦးဆောင်ဆရာတော်က ကျေးဇူးတင် ဝမ်းမြောက်စကား မိန့်ကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကာ စာအောင်ဆုနှင်းသဘင် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News