တောင်ကိုရီးယားနိုင်ငံတွင် ယခုနှစ်အတွက် နိုင်ငံအဆင့် အခွန်စာရင်းကိုင်လက်မှတ်ရရှိရန် ဖြေဆိုသည့် စာမေးပွဲ၌ အမှတ်အများဆုံးရရှိခဲ့သူက AI အသုံးပြု၍ စာမေးပွဲဖြေဆိုခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ဝန်ခံလိုက်သည်။
ဧပြီနှင့်ဇူလိုင်တွင် ကျင်းပခဲ့သည့် စာမေးပွဲနှစ်ကြိမ်စလုံးတွင် ရာနှင့်ချီသည့် မေးခွန်းများကို အမှတ်ပြည့်နီးပါး ရရှိခဲ့ပြီးနောက် ၎င်း၏ရလဒ်အပေါ် သံသယများ ထွက်ပေါ်လာခဲ့သည်။ မျိုးရိုးနာမည် ဟန်ဟုသာ ဖော်ပြခဲ့သည့် ၄င်းက “အီလက်ထရွန် နစ်ပစ္စည်းတွေနဲ့ Generative AI ကို အသုံးပြုပြီး ဖြေမိခဲ့ပါတယ်။ ဒါ့ကြောင့် ခုလိုအမှတ်အများဆုံးနဲ့ စာမေးပွဲအောင်ခဲ့တာ ဟာ မျှတတဲ့ကြိုးစားမှုရလဒ် မဟုတ်ပါဘူး”ဟု ရှေ့ နေလီဒွန်ဟို၏ YouTube ချန်နယ်တွင် ဝန်ခံတောင်းပန်ထားခြင်း ဖြစ်သည်။
ဟန်က စာမေးပွဲမေးခွန်းများကို မိုက်ခရိုကင်မရာဖြင့် ဓာတ်ပုံရိုက်ယူပြီး AI ထံသို့ပေးပို့ကာ ရရှိလာသည့် အဖြေများကို ဖုန်းဖြင့်စစ်ဆေးကြည့်ရှုခဲ့ကြောင်း ပြောသည်။ ယခုလိမ်လည်မှုနှင့်ပတ်သက်၍ ဆိုးလ်ရဲတပ်ဖွဲ့ထံ ၄င်းက ဝန်ခံကြောင်း စာတင်ပြထားသည်။
တောင်ကိုရီးယားတွင် အလွန်အရေးကြီးသည့် နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် အတွက် AI အကူအညီဖြင့် အသုံးပြုဖြေဆိုနိုင်မှုများအပေါ် စိုးရိမ်မှုများလည်း မြင့်တက်နေသည်။
ထို့ကြောင့်လည်း တောင်ကိုရီးယားဝန်ကြီးချုပ်ရုံးက ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် “တက္ကသိုလ်ဝင်စာမေးပွဲကို မျှမျှတတနဲ့ကျင်းပနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ အပြည့်အဝလုပ်ဆောင်ထားပြီး စာမေးပွဲလုပ်ငန်းစဉ် တစ်လျှောက်လုံးကို သေချာအနီးကပ် ကြီးကြပ်သွားပါမယ်”ဟု ထုတ်ပြန်ထားသည်။
Ref: Reuters,Photo:Korea JoongAng Daily