Myanmar Digital News

အမှိုက်မှ စွမ်းအင်သို့ … ကမ္ဘာ့မြို့ကြီးများ၏ အတွေ့အကြုံ

ဝေဖြိုးအောင်

(ယမန်နေ့မှအဆက်)

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် CopenHill (Amager Bakke) ဟုခေါ်သော အမှိုက်မှ စွမ်းအင်စက်ရုံသည် စက်မှုဇုန်တစ်ခုသက်သက် မဟုတ်ဘဲ မြို့ပြအနုပညာနှင့် အပန်းဖြေစရာနေရာအဖြစ် တည်ဆောက်ထားသည်။ စက်ရုံအမိုးပေါ်တွင် နှင်းလျှောစီးကွင်း တည်ဆောက်ထားပြီး ဘေးဘက်နံရံများတွင် ကျောက်တောင်တက်လေ့ကျင့်ရေးနံရံများကို တပ်ဆင်ထားသည်။ အလွန်အဆင့်မြင့်သော ဓာတ်ငွေ့သန့်စင်စနစ်များကြောင့် အဆိပ်သင့် ဓာတ်ငွေ့ထွက်ရှိမှု လုံးဝနီးပါးကင်းစင်သည်။ ပြည်သူ့ကျန်းမာရေးကို ထိခိုက်မှုမရှိကြောင်း သက်သေပြနိုင်သဖြင့် မြို့လယ်ကောင်နှင့် နီးကပ်စွာ တည်ဆောက်ထားနိုင်သည်။ ယင်းသည် နိုင်ငံတကာ မြို့ပြ စီမံကိန်းရေးဆွဲသူများအတွက် စံပြတစ်ခု ဖြစ်လာသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တော်

ဂျပန်နိုင်ငံ တိုကျိုမြို့တော်ဧရိယာအတွင်းတွင် အမှိုက်မီးရှို့စက်ရုံပေါင်း ၂၁ ရုံရှိသည်။ တိုကျို၏ အောင်မြင်မှုလျှို့ဝှက်ချက်မှာ နည်းပညာသာမက ပြည်သူလူထု၏ တိကျသောအမှိုက်ခွဲခြားမှုစနစ် ဖြစ်သည်။ လောင်ကျွမ်းနိုင်သောအမှိုက်၊ မလောင်ကျွမ်းနိုင်သောအမှိုက်၊ ပြန်လည်အသုံးပြု နိုင်သောအမှိုက်ဟူ၍ အိမ်ထောင်စုအဆင့်ကတည်းက တိကျစွာခွဲခြားထားသဖြင့် စက်ရုံများ၏ စွမ်းဆောင်ရည် အလွန်မြင့်မားသည်။ ဤစက်ရုံများသည် လူနေရပ်ကွက်များအတွင်း၌ပင် တည်ရှိနေ ပြီး ပြည်သူလူထု၏ယုံကြည်မှုကို အပြည့်အဝ ရရှိထားသည်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် Spittelau စက်ရုံသည် အမှိုက်မှစွမ်းအင်စက်ရုံများကို အများ ပြည်သူလက်ခံလာစေရန် (NIMBY - Not In My Back Yard အမြင်ကို ချေဖျက်ရန်) အနုပညာ လက်ရာမြောက်စွာ ဆောက်လုပ်ထားသည်။ နာမည်ကျော် ဗိသုကာပညာရှင် Friedensreich Hundertwasser ၏ ဒီဇိုင်းဖြင့် လှပစွာတည်ဆောက်ထားပြီး စက်ရုံမှထွက်သောအပူကို မြို့တော်၏ District Heating (နေအိမ်များသို့ အပူပေးစနစ်)အတွက် အသုံးပြုသည်။ ယင်းသည် ဗီယင်နာမြို့၏ ခရီးသွားများလာရောက်လည်ပတ်ရာ အထင်ကရ နေရာတစ်ခုပင် ဖြစ်လာခဲ့သည်။

ကုန်ကျစရိတ်နှင့် စွမ်းအင်ရရှိမှု (ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်ချက်)

အမှိုက်မှစွမ်းအင်သို့ စီမံကိန်းများကို ဆောင်ရွက်ရာတွင် အရေးကြီးဆုံးမေးခွန်းမှာ “ကုန်ကျငွေနှင့် ရရှိသော စွမ်းအင်တွက်ခြေကိုက်ပါသလား” ဆိုသည့်အချက်ဖြစ်သည်။ ဤမေးခွန်း အတွက်အဖြေကို အောက်ပါဘဏ္ဍာရေးအညွှန်းကိန်းများဖြင့် သုံးသပ်ရပါမည် -

အမှိုက်မှစွမ်းအင်စက်ရုံများသည် တည်ဆောက် စရိတ်အလွန်ကြီးမားပါသည်။ အဆင့်မြင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စစ်ထုတ်စနစ်များ ပါဝင်သော ခေတ်မီစက်ရုံတစ်ရုံသည် အမှိုက်တစ်တန် စွမ်းဆောင်ရည်အတွက် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၂၀၀ အထိ ကုန်ကျနိုင်ပါသည်။ ထို့ကြောင့် တန်ချိန် ၁၀၀၀ လည်ပတ်မည့် စက်ရုံတစ်ရုံလျှင် ဒေါ်လာသန်း ၁၀၀ မှ ၈၀၀ အထိ ကုန်ကျနိုင်ပါသည်။ အပူချိန်မြင့်မားစွာ လည်ပတ်ရခြင်း၊ အဆိပ်သင့် ဓာတ်ငွေ့များကို ဓာတုဗေဒနည်းဖြင့် ခြေဖျက်ရခြင်း တို့ကြောင့် နေ့စဉ်လည်ပတ်စရိတ် (Operational Expenditure - OPEX) လည်း ကြီးမားပါသည်။

WtE စက်ရုံများ၏ ဝင်ငွေသည် အဓိကအားဖြင့် လမ်းကြောင်းနှစ်ခုမှ လာပါသည်။

၁။ ထုတ်လုပ်ရရှိသော လျှပ်စစ်နှင့် အပူစွမ်းအင်ကို နိုင်ငံတော်ဓာတ်အားလိုင်းသို့ ရောင်းချခြင်း၊

၂။ စည်ပင်သာယာရေးအဖွဲ့များက အမှိုက်လာရောက်စွန့်ပစ်သည့်အတွက် စက်ရုံသို့ ပေးဆောင်ရသောအခကြေးငွေ (Tipping Fee)။ (အချို့နိုင်ငံများတွင် ကာဗွန်ခရက်ဒစ် ရောင်းချ ခြင်းမှလည်း ဝင်ငွေရရှိနိုင်ပါသည်။)

ကမ္ဘာ့ဘဏ်၏ လေ့လာချက်များနှင့် စီးပွားရေးပညာရှင်များ၏ တွက်ချက်မှုအရ အမှိုက်မှ စွမ်းအင်စက်ရုံများကို လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံသက်သက်အဖြစ် ရည်ရွယ်တည်ဆောက်ပါက တွက်ခြေမကိုက်ပါ။ ရရှိသော လျှပ်စစ်ရောင်းချ ငွေသည် စက်ရုံလည်ပတ်စရိတ်ကိုပင် ကာမိရန် ခက်ခဲပါသည်။ သို့သော် အမှိုက်မှစွမ်းအင်သို့ နည်းပညာကို မြို့ပြအမှိုက်ရှင်းလင်းရေးအခြေခံ အဆောက်အအုံအဖြစ် ရှုမြင်ပါက အလွန်တန်ဖိုး ရှိပါသည်။

အမှိုက်ပုံများ တိုးချဲ့ရမည့် ကုန်ကျစရိတ်၊ မြေနေရာတန်ဖိုး၊ မြေအောက်ရေနှင့် လေထု ညစ်ညမ်းမှုကြောင့် ပြည်သူ့ကျန်းမာရေးထိခိုက်မှု စရိတ်များကို ထည့်သွင်းတွက်ချက်ပါက အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် စည်ပင်သာယာရေး ကော်မတီများအတွက် ရေရှည်တွင် အကျိုးအမြတ် ရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။ ထို့ကြောင့် အမှိုက်မှစွမ်းအင်သို့ နည်းပညာရှင်သန်ရပ်တည် နိုင်ရန် အစိုးရ သို့မဟုတ် စည်ပင်က သင့်တင့်သော အမှိုက်စွန့်ပစ်ခ ထောက်ပံ့ပေးရန် မဖြစ်မနေလိုအပ် ပါသည်။

ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု

မြို့ပြကျန်းမာရေးဌာနများနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့များ အဓိကစိုးရိမ်ရသည့်အချက်မှာ မီးရှို့စက်ရုံများမှ ထွက်ပေါ်လာသော လေထုညစ်ညမ်းမှုဖြစ်သည်။ အထူးသဖြင့် ပလတ်စတစ်များကို မီးရှို့ရာတွင် ထွက်ပေါ်လာနိုင်သော Dioxins နှင့် Furans ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ၊ ပြာမှုန့် (Particulate Matter- PM) နှင့် လေးလံသတ္တု (Heavy Metals) များ ထွက်ရှိနိုင်ပါသည်။ သို့သော် ခေတ်မီ WtE စက်ရုံများသည် အဆိုပါပြဿနာများကို နည်းပညာဖြင့် အောင်မြင်စွာဖြေရှင်းနိုင်ခဲ့သည်။

Electrostatic Precipitators (လျှပ်စစ်သံလိုက်ဖြင့် ဖုန်မှုန့်စုပ်ယူခြင်း)၊ Baghouse Filters (အထူးပြုလုပ်ထားသောအိတ်များဖြင့် ပြာမှုန့်စစ်ထုတ်ခြင်း)နှင့် Scrubber များကိုအသုံးပြု၍ အဆိုပါညစ်ညမ်းမှု ၉၉ ရာခိုင်နှုန်းကျော်ကို ဖယ်ရှားနိုင်ပါသည်။ စက်ရုံတည်ဆောက်စရိတ်၏ သုံးပုံ တစ်ပုံခန့်သည် ဤလေထုသန့်စင်ရေးစနစ်များ အတွက်ဖြစ်သည်။ မီးရှို့ပြီး ကျန်ရှိသော အောက်ခံ ပြာကို ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းခင်းခြင်းများတွင် ပြန်လည်အသုံးပြုနိုင်ပြီး လေလွင့်ပြာကိုမူ အဆိပ်သင့်ပစ္စည်းအဖြစ် သတ်မှတ်ကာ ဘေးကင်းစေရန် အထူးပြုပြင်ပြီးမှသာ သီးသန့်မြေမြှုပ်စွန့်ပစ် ရသည်။ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် စနစ်တကျ မထိန်းချုပ်ထားသော ရိုးရာအမှိုက်ပုံကြီးများထက် ခေတ်မီအမှိုက်မှစွမ်းအင်စက်ရုံများက ပြည်သူ့ကျန်းမာရေးအတွက် များစွာပိုမို ဘေးကင်းပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင်ခန်းစာများနှင့် စိန်ခေါ်မှုများ

ဥရောပနှင့် အဆင့်မြင့်အာရှနိုင်ငံများတွင် အောင်မြင်သောစနစ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုက်ရိုက်ကူးယူကျင့်သုံးရန် အခက်အခဲများစွာရှိပါသည်။ ထိုနိုင်ငံများ၏ အခြေအနေနှင့်ကိုက်ညီသော နည်းပညာနှင့်မူဝါဒများကို သေချာစွာစိစစ်ရွေးချယ် ရမည်ဖြစ်သည်။ အာရှနိုင်ငံများ၏ အမှိုက် ၅၀ ရာခိုင် နှုန်းမှ ၆၀ ရာခိုင်နှုန်းသည် အစားအသောက်စွန့်ပစ် ပစ္စည်းဖြစ်ပြီး ရေဓာတ်အလွန်မြင့်မားပါသည်။ ရေဓာတ်များသောအမှိုက်သည် အပူစွမ်းအင်ထွက်ရှိမှုနည်းပါးသဖြင့် မီးရှို့ရာတွင် လောင်စာဆီထပ်မံ ဖြည့်စွက်ရခြင်းကြောင့် ကုန်ကျစရိတ်ပိုတက်စေပါသည်။ ဥရောပတွင်မူ စက္ကူနှင့် ပလတ်စတစ် ပါဝင်မှုများသဖြင့် မီးရှို့ရန် ပိုမိုလွယ်ကူသည်။

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ အရင်းအမြစ်မှစ၍ အမှိုက်ခွဲခြားသည့်စနစ် အားနည်းသဖြင့် ပလတ်စတစ်၊ ဖန်၊ သံနှင့် စိုစွတ် အမှိုက်များ ရောနှောနေခြင်းက စက်ရုံလည်ပတ်မှုကို များစွာထိခိုက်စေသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်ရုံမရောက်မီ အမှိုက်များကို ခွဲခြားပေး မည့် Mechanical Biological Treatment (MBT) ကဲ့သို့သော ကြိုတင်ပြင်ဆင်ရေးစက်ရုံများ ပူးတွဲ တည်ဆောက်ရန်လိုအပ်သည်။ စက်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံလည်ပတ်ရန် လိုအပ် သော Tipping Fee ပေးချေနိုင်စွမ်း အကန့်အသတ် ရှိနိုင်ပါသည်။

ဖွံ့ဖြိုးဆဲမြို့ကြီးများ၏ စည်ပင်သာယာ ဘတ်ဂျက်သည် ကန့်သတ်ချက်ရှိသဖြင့် နိုင်ငံတကာ ချေးငွေ သို့မဟုတ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု (PPP) မော်ဒယ်များ လိုအပ်ပါသည်။ ထို့ကြောင့် Mass Burn Incineration ထက် စိုစွတ်သောအမှိုက်များမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်သည့် နည်းပညာကို အစားထိုး သို့မဟုတ် ပေါင်းစပ်စဉ်းစားသင့်ပါသည်။ ထို့ပြင် အမှိုက်မှစွမ်းအင်စက်ရုံများ မတည်ဆောက် မီ အများပြည်သူ အမှိုက်ခွဲခြားစွန့်ပစ်သည့် ယဉ်ကျေးမှုတစ်ရပ်ကို အရင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

မြို့ပြအုပ်ချုပ်ရေးနှင့် မူဝါဒရေးရာ အကြံပြုချက်များ

ခေတ်မီမြို့ပြအုပ်ချုပ်ရေးတွင် အမှိုက်မှ စွမ်းအင်သို့နည်းပညာကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် စက်ရုံမတည်ဆောက်မီ ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသရန်နှင့် ကျန်းမာရေးထိခိုက်မှုမရှိစေရေး အာမခံချက်ပေးရန် အရေးကြီးပါသည်။ အမှိုက်စွန့်ပစ်ခ ကောက်ခံသည့်စနစ်ကို အမှိုက်ထွက်ရှိမှုပမာဏ အပေါ် အခြေခံသည့်စနစ်သို့ကူးပြောင်းရန် ဥပဒေမူဘောင်များ ပြင်ဆင်ရမည်။ ထို့ပြင် BOT (Build-Operate-Transfer) သို့မဟုတ် DBO (Design-Build-Operate) စနစ်များဖြင့် နိုင်ငံတကာ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်။ ဤလုပ်ငန်းစဉ်တွင် စည်ပင်သာယာရေးကော်မတီများအနေဖြင့် မြေနေရာနှင့် စွန့်ပစ်အမှိုက်ပမာဏ အာမခံချက်ပေးရန် လိုအပ်သည်။

နိဂုံးချုပ်အားဖြင့် အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် မြို့ပြအမှိုက်စီမံခန့်ခွဲမှုအတွက် နောက် ဆုံးအဆင့် ဖြေရှင်းနည်းတစ်ခုသာဖြစ်သည်။ အနာဂတ်မြို့ပြစီမံကိန်းများတွင် စက်ဝိုင်းပုံစီးပွား ရေးစနစ်ကို ဦးတည်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အမှိုက်မဖြစ်ပေါ်အောင် လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse) နှင့် ပြန်လည်မွမ်းမံ အသုံးပြုခြင်း(Recycle)ဟူသော3Rs လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ပြုလုပ်ပြီးမှသာ ကြွင်းကျန်သောအမှိုက်ကို အမှိုက်မှ စွမ်းအင်သို့ နည်းပညာဖြင့် စွမ်းအင်ပြောင်းလဲခြင်းကသာ အကောင်းဆုံးမဟာဗျူဟာဖြစ်ပါသည်။

အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ကုန်ကျ စရိတ်ကြီးမားပြီး လျှပ်စစ်ရောင်းချရုံသက်သက်ဖြင့် တွက်ခြေမကိုက်သော်လည်း မြေနေရာချွေတာနိုင်မှု၊ ပြည်သူ့ကျန်းမာရေး အကာအကွယ်ပေးနိုင်မှုနှင့် ရေရှည် မြို့ပြသန့်ရှင်းသာယာရေးတို့အတွက် မဖြစ်မနေရင်းနှီးမြှုပ်နှံရမည့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ ခေတ်မီမြို့ပြအုပ် ချုပ်ရေးစနစ်သစ်များတွင် အမှိုက်သည် စွန့်ပစ်ရမည့်အရာမဟုတ်တော့ဘဲ အမျိုးသားစွမ်းအင်လုံခြုံရေးနှင့် သန့်ရှင်းသောမြို့ပြ ပတ်ဝန်းကျင် တည်ဆောက်ရေးအတွက် အဖိုးတန် သော အရင်းအမြစ်တစ်ခုဖြစ်လာပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

မှီငြမ်းကိုးကားစာရင်း -

၁။ World Bank Group (2018). "What a Waste 2.0: A Global Snapshot of Solid Waste Management to 2050."

၂။ International Solid Waste Association (ISWA) Reports on Waste-to-Energy Guidelines.

၃။ Seoul Metropolitan Government (SMG). "Waste Management Policy and Resource Recovery Facilities in Seoul."

၄။ Intergovernmental Panel on Climate Change (IPCC). "Guidelines for National Greenhouse Gas Inventories: Waste."

၅။ European Environment Agency. "Municipal waste management in European cities (Copenhagen and Vienna case studies)."

၆။ United Nations Environment Programme (UNEP). "Waste to Energy: Considerations for Informed Decision Making."

၇။ Asian Development Bank (ADB). "Integrated Solid Waste Management for Local Governments: A Practical Guide."

မူရင်းသတင်း — Myanmar Digital News