Myanmar Digital News

ဆင်သေရေလွှဲဆည်တွင် ရေထုတ်ရေတံခါး ခုနစ်ခု၊ ရေထိန်းရေတံခါး ၁၀ ခု ထည့်သွင်းတည်ဆောက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၅

 

၂၀၂၅ မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မူလဆင်သေရေလွှဲဆည်၏ အထက်ဘက်၌ ပညာရှင်များ ကွင်းဆင်းအတည်ပြုပြီး တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး အသစ်တည်ဆောက်လျက်ရှိသည့် ဆင်သေ ရေလွှဲဆည်တွင် လက်ဝဲတာပေါင် ပေ ၇၅၀၊ လက်ယာတာပေါင် ပေ ၃၇၀၀ နှင့် တမံ အမြင့် ၁၇ ပေ၊ ရေထုတ်ရေတံခါး ခုနစ်ခု၊ ရေထိန်းရေတံခါး ၁၀ ခု ထည့်သွင်းတည်ဆောက် လျက်ရှိပြီး ရေဝပ်ဧရိယာ ၈၁၅ ဧကရှိ အဆိုပါ ဆင်သေရေလွှဲဆည်သည် ဆင်သေ ရေလှောင်တမံမှ ဆည်ရေများကို လက်ဝဲလက်ယာ ရေပေးမြောင်းများမှတစ်ဆင့် ရေသောက်စနစ်အတွင်းရှိ စိုက်ပျိုးမြေဧက ၁၁၆၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်ကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရေလွှဲဆည် အသစ် တည်ဆောက်ရေးအတွင်း စိုက်ပျိုးရေ ပေးဝေနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ဆင်သေ ရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းကို စံချိန်စံညွှန်းပြည့်ဝစွာဖြင့် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေး၊ ရေလွှဲဆည် အဟောင်းဖြုတ်သိမ်းမှုနှင့် ရေလွှဲ ဆည်အသစ် တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုး ရေပေးဝေမှုကို မထိခိုက်စေရန် အချိန်ကိုက် ဆောင်ရွက်ပြီး ရေသောက် ဧရိယာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး ဂရုပြုဆောင်ရွက်ရန်၊ ရေလွှဲဆည်အသစ် တည်ဆောက်ပြီးစီးပါက တောင်သူများ၏ စိုက်ပျိုးမြေများ စနစ်တကျ နေရာချအသုံးပြုနိုင်ရေးကို ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဆည်သေရေလှောင် တမံသို့ သွားရောက်ပြီး တမံအတွင်း ဝင်ရေသိုလှောင်ထားရှိမှု၊ တမံ ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် တမံထိန်းသိမ်းရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News