Myanmar Digital News

အီတလီတွင် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံနှင့် ဗီဒီယိုများကို ခွင့်ပြုချက်မရှိဘဲ ရယူမှုကြောင့် မီတာကို ယူရို ၈၀၅ သန်း ဒဏ်ရိုက်

ရောမ နိုဝင်ဘာ ၁၅

အီတလီနိုင်ငံရှိ သုံးစွဲသူများ၏ စမတ်ဖုန်းများအတွင်း သိမ်းဆည်းထားသော ဓာတ်ပုံ၊ ဗီဒီယိုနှင့် ဆက်စပ်အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဖေ့စ်ဘွတ်ခ်အက်ပ်မှတစ်ဆင့် ရယူခဲ့ခြင်းကြောင့် Meta Platforms Ireland Limited ကုမ္ပဏီကို ယူရို ၈၀၅ သန်း (အမေရိကန်ဒေါ်လာ ၈၈၇ သန်း)ဒဏ် ရိုက်ခဲ့ကြောင်း အီတလီအချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ သည်။

အဆိုပါဒဏ်ငွေသည် ဖေ့စ်ဘွတ်ခ်အသုံးပြုနေစဉ် သုံးစွဲသူများ၏ ဖုန်းအတွင်းရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရယူကာ ပို့စ်တင်ရန် အကြံပြုပေးခြင်းနှင့် သက်ဆိုင်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘိုလ်ဇာနိုမြို့ရှိ စားသုံးသူနှင့် သုံးစွဲသူအကာအကွယ်ပေးရေးစင်တာ၏ တိုင်ကြားချက်အရ အာဏာပိုင်အဖွဲ့က ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ခြင်းဖြစ်သည်။

မီတာက အီတလီ၏ ကိုယ်ရေးကိုယ်တာအချက် အလက်ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၂၂ ကို ချိုးဖောက်ခဲ့ကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါဥပဒေသည် စမတ်ဖုန်းအတွင်း သိမ်းဆည်းထားသည့် အချက်အလက်များကို လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ နယ်ပယ်တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ပေးထားပြီး အချက်အလက်များကို ရယူ အသုံးပြုရန်အတွက် သုံးစွဲသူ၏ ကြိုတင်သိရှိနားလည်ပြီး သဘောတူညီချက်ရယူရန် လိုအပ် ကြောင်း ဖော်ပြထားသည်။ အချက်အလက်များကို အခြားနေရာသို့ ပေးပို့ခြင်းရှိ၊ မရှိ သို့မဟုတ် ထိခိုက်နစ်နာမှုဖြစ်ပေါ်ခြင်းရှိ၊ မရှိနှင့်လည်း သက်ဆိုင်မှုမရှိကြောင်း သိရသည်။

အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ မီတာက ရက်ပေါင်း ၆၀ အတွင်း အဆိုပါလုပ်ဆောင်ချက်ကို မူလသတ်မှတ်ချက်အနေဖြင့် ပိတ်ထားရမည်ဖြစ်ပြီး သုံးစွဲသူများထံမှ သီးခြားရှင်းလင်းသော သဘောတူညီချက်ကိုလည်း ရယူရမည်ဖြစ်သည်။

ထို့ပြင် ယင်းလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်၊ ဖုန်းအတွင်းရှိ အချက်အလက်များကို ရယူအသုံးပြုမည့်အကြောင်းနှင့် လုပ်ဆောင်ချက်ကို ပိတ်ထားနိုင်သည့် နည်းလမ်းတို့ကို သုံးစွဲသူများအား ရှင်းလင်းစွာ အသိပေးရမည်ဖြစ်ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News