NP News

ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီးသွားတွေအတွက် Cryptocurrency ကို ဘတ်ငွေအဖြစ်ပြောင်းလဲပြီး အသုံးပြုနိုင်မယ့် ဝန်ဆောင်မှု စတင်

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆

ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီးသွားတွေအတွက် Cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) ကို ထိုင်းဘတ်ငွေအဖြစ် ပြောင်းလဲပြီး ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ငွေပေးချေ အသုံးပြုနိုင်မယ့် WORPT အက်ပလီကေးရှင်းကို စတင်မိတ်ဆက်လိုက်ပါတယ်။

အဲဒီအက်ပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် ထိုင်းဘဏ်အကောင့်ဖွင့်စရာမလိုဘဲ မိမိပိုင်ဆိုင်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ဘတ်ငွေအဖြစ် ပြောင်းလဲနိုင်မှာဖြစ်ကာ ဆိုင်တွေရဲ့ QR ကုဒ်ကို ဖုန်းနဲ့ Scan ဖတ်ပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ WORPT အက်ပလီကေးရှင်းကို Wipay နဲ့ Waan Exchange ကုမ္ပဏီတို့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်နဲ့ စတော့အိတ်ချိန်းကော်မရှင် (SEC) ရဲ့ TouristDigiPay အစီအစဉ်အောက်မှာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ယခုဝန်ဆောင်မှုဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှ ဝင်ငွေကျဆင်းနေချိန်မှာ စတင်လာခြင်းဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေ ယခုနှစ်အတွင်း ဒုတိယနှစ်ဆက်တိုက် ကျဆင်းဖွယ်ရှိနေပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းမှ ရရှိတဲ့ ဝင်ငွေဟာလည်း လျော့နည်းလာနေတာကြောင့် ထိုင်းအစိုးရက ငွေကြေးပိုမိုသုံးစွဲနိုင်တဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
Wipay ကုမ္ပဏီတည်ထောင်သူ ပါဝင် ဂျစ်တီဝေါင်ဆာမန်ရဲ့ပြောကြားချက်အရ WORPT ဟာ တောင်ကိုရီးယား၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတို့မှ ဒစ်ဂျစ်တယ်ငွေကြေး ပိုင်ဆိုင်ထားသူ ခရီးသွားတွေကို အဓိကပစ်မှတ်ထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ပထမတစ်နှစ်အတွင်း အသုံးပြုသူ (၂၀၀,၀၀၀) ရရှိဖို့ မျှော်မှန်းထားပြီး (၁၈) လကြာ စမ်းသပ်ကာလအတွင်း ထိုင်းစီးပွားရေးအတွင်း ဘတ်ငွေ ဘီလီယံ (၁၅,၀၀၀) (စင်ကာပူဒေါ်လာ ၅၇၀.၁ သန်းခန့်) လည်ပတ်သုံးစွဲလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အလားတူ Cryptocurrency ကို အသုံးပြုပြီး နိုင်ငံခြားခရီးသွားတွေ ငွေပေးချေနိုင်တဲ့ဝန်ဆောင်မှုတွေကို ဘူတန်နဲ့ ဘရာဇီးနိုင်ငံတို့မှာလည်း ၂၀၂၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့ဖူးပါတယ်။

မူရင်းသတင်း — NP News