Myanmar Digital News

ပိုမိုမြန်ဆန်သောအင်တာနက်ကို ဖော်ဆောင်ပေးနိုင်မည့် ပဟေဠိတစ်ခုကို ဖြေရှင်းနိုင်

အလင်းဆက်သွယ်ရေးကိရိယာများကို    ဒီဇိုင်းထုတ်ရာတွင် ကုန်ကျစရိတ်များပြားသည့် အကြိမ်ကြိမ် စမ်းသပ်မှားယွင်းမှုများကို လျှော့ချပေးနိုင်မည့် နည်းပညာတစ်မျိုးကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။

ဆက်သွယ်ရေးကိရိယာတစ်ခုအတွင်း အလင်းက အချက်အလက်များကို သယ်ဆောင်သွားသည့်အခါ အတွင်းရှိပစ္စည်းများ၏ အလင်းစုပ်ယူမှုကြောင့် အချက်ပြလှိုင်းအားပျော့သွားနိုင်သည်။ ပိုမိုမြန်ဆန်ပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားသော ကိရိယာများကို တည်ဆောက်ရန် ကြိုးပမ်းနေကြသည့် အင်ဂျင်နီယာများသည် ဒီဇိုင်းတစ်ခုကို အတည်မပြုမီ ထိုပစ္စည်းများကို ဖြတ်သန်း၍ အလင်းမည်သို့ ရွေ့လျားမည်နည်းနှင့်  အလင်းမည်မျှ  ဆုံးရှုံးသွားမည်နည်းဆိုသည်ကို ကြိုတင်ခန့်မှန်းရန် လိုအပ်သည်။

ယခုအခါ ကိုရီးယားသိပ္ပံနည်းပညာ ရှေ့ဆောင်အင်စတီကျု KAIST ဦးဆောင်သော သုတေသနအဖွဲ့သည် ဘေရီယမ်တိုက်တန်း နိတ်ပုံဆောင်ခဲက အလင်းနှင့် မည်သို့အပြန်အလှန်တုံ့ပြန်သည်ကို ရှင်းလင်းစွာဖော်ထုတ်နိုင်ခဲ့ပြီး အင်ဂျင်နီယာများအား ကိရိယာများကို ပိုမိုယုံကြည်စိတ်ချစွာ ဒီဇိုင်းထုတ်နိုင်ရန်နှင့် ကုန်ကျစရိတ်များပြားသည့် ထုတ်လုပ်မှုနှင့် ဒီဇိုင်းပြန်လည်ပြင်ဆင်မှုအဆင့်ဆင့်ကို လျှော့ချနိုင်ရန် ကူညီပေးမည့်အချက်အလက်များကို ထုတ်ဖော်နိုင်ခဲ့သည်။ ဘေရီယမ် တိုက်တန်းနိတ်ပုံဆောင်ခဲ၏  အလင်းနှင့် အပြန်အလှန်တုံ့ပြန်ပုံမှာ သိပ္ပံပညာ၏ ဆယ်စုနှစ်ချီသော ပဟေဠိတစ်ခုဖြစ်ခဲ့ပြီး ယခုဖော်ထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

လေ့လာမှုကို   ဦးဆောင်ခဲ့သော   ပါမောက္ခ မင်ဆော့ဂျန်က “ဒီလေ့လာမှုဟာ   ကာလကြာရှည်စွာ  မရှင်းမလင်းဖြစ်နေခဲ့တဲ့ ဘေရီယမ်တိုက်တန်းနိတ်ရဲ့ အလင်းဆိုင်ရာတုံ့ပြန်မှုကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ဒီပစ္စည်းက  အလင်းနဲ့  ဘယ်လိုအပြန်အလှန် တုံ့ပြန်သလဲ ဆိုတာအတွက် ယုံကြည်စိတ်ချရတဲ့ အကိုးအကားတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်”ဟု ရှင်းပြသည်။ ဤတွေ့ရှိချက်များသည် အလင်းဆုံးရှုံးမှုကို လျှော့ချပေးပြီး အချက်အလက်ပေးပို့မှုကို ပိုမိုမြန်ဆန်စေသည့် အလင်းဆက်သွယ်ရေး ကိရိယာများအပြင် အလင်းကို  တိကျစွာထိန်းချုပ်ရန်လိုအပ်သည့် ကွမ်တမ်အလင်းပိုင်းဆိုင်ရာ ကိရိယာများအတွက်ပါ အထောက်အကူဖြစ်စေလိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း ဆက်ပြောသွားသည်။

မူရင်းသတင်း — Myanmar Digital News