Eleven Media Group

■ ဟော်မုဇ်ရေလက်ကြားတွင် ရေနံစည်ပေါင်းနှစ်သန်းကျော် တင်ဆောင်လာသည့် ရေနံတင်သင်္ဘောတစ်စင်း နစ်မြုပ်

ရေနံစည်ပေါင်းနှစ်သန်းကျော် တင်ဆောင်လာသည့် ရေနံတင်သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားအတွင်း ရေမြှုပ်မိုင်းထိမှန်ကာ လောင်ကျွမ်းနစ်မြုပ်သွားကြောင်း အီရန်အစ္စလမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါသင်္ဘောသည် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် ရေမြှုပ်မိုင်းထိမှန်ခဲ့သည့် ရေနံတင်သင်္ဘော နှစ်စင်းအနက် တစ်စင်းဖြစ်ကြောင်း IRGC ကပြောသည်။

အီရန်အစိုးရပိုင်ရုပ်သံမှ ထုတ်လွှင့်သည့် IRGC ၏ ထုတ်ပြန်ချက်အရ ဟော်မုဇ်ရေလက်ကြားတောင်ပိုင်းရှိ ခွင့်ပြုထားခြင်းမရှိသည့် ရေလမ်းကြောင်းကို အသုံးပြု၍ သွားလာနေသည့် ရေနံတင်သင်္ဘောနှစ်စင်း ရေမြှုပ်မိုင်းထိမှန်ခဲ့ပြီး အင်အားပြင်း ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် သင်္ဘောများ၏အမည်နှင့် မည်သည့်နိုင်ငံမှဖြစ်သည်ကို IRGC က ထုတ်ဖော်မပြောပေ။

အီရန်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ရေမြှုပ်မိုင်းထိမှန်ခြင်း၊ မီးလောင်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သည်။ အမေရိကန်စစ်တပ်က ထိုရေလက်ကြားအတွင်း အဓိကရေလမ်းကြောင်းများမှ ရေမြှုပ်မိုင်းအားလုံးကို ရှင်းလင်းပြီးပြီဟု ကြေညာထားသည်မှာ မကြာသေးပေ။

ဗြိတိန်ရေကြောင်းကုန်သွယ်ရေး စောင့်ကြည့်ရေးဌာန (UKMTO) က ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရသည်ဟု အိန္ဒိယရေကြောင်းအာဏာပိုင်များထံမှ သတင်းရထားပြီး သင်္ဘောသားများ ဘေးကင်းသည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။ သို့သော် အီရန်ထုတ်ပြန်သည့် သင်္ဘောနှင့် တစ်စင်းတည်းဟုတ်၊ မဟုတ် မသေချာဟုဆိုသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group