NP News

မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံရန် အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်စဲရန် တောင်းဆိုထားသည့်အစီအစဉ်ကို ဆက်လက်ကိုင်စွဲကိုင်ထားမည်ဖြစ်သလို မြန်မာနိုင်ငံနှင့်ဆက်လက်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အရှေ့တောင်အာရှ ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု အာဆီယံထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့အကျပ်အတည်းကိုတုံ့ပြန်ရန် အာဆီယံ၏ မူဘောင်ဖြစ်သော အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာကျင့်သုံးရင်း "အပြုသဘောဆောင်ပြီး မူဝါဒအခြေခံသည့်ထိတွေ့ဆက်ဆံမှု" ကို လုပ်ဆောင်သွားရန် အဖွဲ့ဝင် (၁၁) နိုင်ငံပါ အာဆီယံအုပ်စုက သဘောတူညီခဲ့ကြောင်း သမ္မတမားကို့စ်က ဆိုသည်။
​မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံနှင့် အခြားအဖွဲ့ဝင်နိုင်ငံအချို့က ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်လာပြီးနောက် မြန်မာအစိုးရခေါင်းဆောင်များအား အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ငါးနှစ်ကြာ ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးရန် ထိပ်သီးအစည်းအဝေးအပေါ် ဖိအားများ ရှိနေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မှစတင်ခဲ့သည့်ပဋိပက္ခများကို လျှော့ချခြင်းမရှိသည့်အတွက် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် မြန်မာအစိုးရသည် အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်လျက်ရှိနေသည်။
မြန်မာနိုင်ငံသည် မငြိမ်မသက်မှုများဖြစ်ပေါ်နေခဲ့ပြီး ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူပေါင်း (၁၀၀,၀၀၀) သေဆုံးကာ (၃.၅) သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့သည်။

အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်အကောင်အထည်ဖော်မှုကို ရှေ့သို့တိုးမြှင့်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်က ထုတ်ဖော်ပြောကြားခဲ့ပြီး အကျပ်အတည်းကြောင့် မိသားစုများ အိုးအိမ်စွန့်ခွာနေရခြင်း၊ လူမှုအသိုင်းအဝိုင်းများ ပျက်စီးရခြင်း နှင့် နိုင်ငံ၏ လူငယ်များအပေါ် ထိခိုက်နေခြင်းတို့ ဆက်လက်ဖြစ်ပွားနေသဖြင့် ခေါင်းဆောင်များအနေဖြင့် "မြန်မာနိုင်ငံအတွက် ဘာတွေထပ်လုပ်ပေးနိုင်မလဲ" ဟု မေးခွန်းထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ အဆုံးသတ်ရေး တောင်းဆိုမှုအပြင် အာဆီယံ၏ မြန်မာ့အရေး မူဘောင်တွင် သက်ဆိုင်သူအားလုံး ပါဝင်သော အပြုသဘောဆောင်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တိုက်တွန်းထားပြီး အာဆီယံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်လည်း ကမ်းလှမ်းထားသည်။မြန်မာနိုင်ငံအနေဖြင့် ငါးနှစ်ကြာမြင့်ပြီဖြစ်သော နိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံက ကာလရှည်ကြာ ချမှတ်ထားသည့်အစီအစဉ်အပေါ်တိုးတက်မှုများ ပြသနိုင်ပါက ဒေသတွင်းအဖွဲ့အစည်း၌ မြန်မာနိုင်ငံ၏ အပြည့်အဝ နိုင်ငံရေးကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းချင်း ပြန်လည်ပေးအပ်ရန် စဉ်းစားသွားနိုင်ကြောင်း အရှေ့တောင်အာရှခေါင်းဆောင်များက ပြောကြားခဲ့သည်။

အာဆီယံ၏ ခေါင်းဆောင်များသည် မနီလာမြို့တွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများတွင် မြန်မာနိုင်ငံအား အပြည့်အဝ နိုင်ငံရေးကိုယ်စားပြုခွင့်မှ ဖယ်ကြဉ်ထားသည့် မူဝါဒကို လောလောဆယ်တွင် ဆက်လက်ထိန်းသိမ်းထားရန် သဘောတူညီခဲ့ကြသည်။သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဘုံသဘောတူညီချက် ငါးချက် (5PC) ဟု လူသိများသော အာဆီယံ၏ အဆိုပြုထားသည့်အစီအစဉ်အပေါ် ခိုင်မာတိကျသော" တိုးတက်မှုများ ဖော်ဆောင်နိုင်ပါက "အဆင့်လိုက်နှင့် တိုးတက်မှုအပေါ် အခြေခံသော" ချဉ်းကပ်မှုမှတစ်ဆင့် "ချိန်ဆထိန်းညှိထားသည့် ထိတွေ့ဆက်ဆံမှု" ကို လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ပြင် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်အနေဖြင့် အာဆီယံအုပ်စုသည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းကိုလည်း ထောက်ခံအားပေးခဲ့ကြောင်းသိရသည်။ထိုင်းနိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့သည် မကြာသေးမီလများအတွင်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြပြီး မြန်မာခေါင်းဆောင်များအား အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးရန် အာဆီယံအုပ်စုအပေါ် ဖိအားအသစ်များ ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံမှ ဘုံသဘောတူညီချက် ငါးချက် (5PC) အကောင်အထည်ဖော်မှုမှာ စဉ်ဆက်မပြတ်ဖြစ်ပြီး ခိုင်မာတိကျသော တိုးတက်မှုများ ရှိလာခြင်းအပေါ် မူတည်ပြီး အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ အပြည့်အဝ နိုင်ငံရေးကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းချင်း ပြန်လည်ပေးအပ်ရန် စဉ်းစားသွားနိုင်သည်" ဟု ခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးတွင် အတည်ပြုချမှတ်ခဲ့သည့် ပူးတွဲဆုံးဖြတ်ချက်၌ ပြောကြားခဲ့သည်။
5PC အကောင်အထည်ဖော်မှုတွင် အနှစ်သာရရှိသော တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် တိုင်ပင်ညှိနှိုင်းကာ သက်ဆိုင်သူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း အားပေးတိုက်တွန်းပါသည်ဟု ၎င်းတို့က ဆိုသည်။

မူရင်းသတင်း — NP News