
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၆
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register - CEIR) One Stop Service (OSS) ဖြင့် မိုဘိုင်းဖုန်းအခွန်ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ၌ အချိန်ကြန့်ကြာမှုမရှိစေရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်က သွားရောက်၍ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် CEIR One Stop Service ဖြင့် မိုဘိုင်းဖုန်းအခွန်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုဘိုင်းဖုန်းအခွန်ဆောင်ခြင်းလုပ်ငန်းများကို အချိန်ကြန့်ကြာမှုမရှိဘဲ ခရီးသည်များအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ၊ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်သူများကို ဝန်ဆောင်မှုပြည့်ဝစွာပေးရေး၊ နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများရရှိစေရေး၊ အကောက်ခွန်လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် တရားမဝင် ကုန်စည်များကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။