
သားပု (NP News).နိုဝင်ဘာ ၁၆
ခရီးသွားရာသီကာလ ငွေဆောင်၊ချောင်းသာ၊ ရွှေသောင်ယံ ၊ဂေါ်ရန်ဂျီစသည့် ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်သော ဧည့်သည်ကား၊ဆိုင်ကယ်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်၍ ဆီဆိုင်များသို့ ဆီခွဲတမ်းပိုမိုရရှိစေရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
"ဆီနဲ့ပတ်သက်လို့တော့ တစ်နိင်ငံလုံးအခက်အခဲ နဲ့ရင်ဆိုင်နေရတာဆိုတော့ ကတိကဝတ်ကြီးလိုတော့ မပေးချင်ဘူးပေါ့။ဒါပေမဲ့ ဝန်ကြီးချုပ်ဦးဆောင်ပြီး ပုံမှန်ဆီခွဲတမ်းအပြင် additional ထပ်ဆောင်း ရရှိအောင် ကြိုးစားနေပါတယ်" ဟု ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်ထွန်းဇော်က NP News သို့ပြောသည်။
လက်ရှိအနေအထားအရ ပုသိမ်လမ်းမကြီးဘေးတစ်လျှောက်နှင့် ချောင်းသာ၊ငွေဆောင် ရှိဆီဆိုင်များကို ပုံမှန်ခွဲတမ်းအပြင် ထပ်ဆောင်း additional ခွဲတမ်း များဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
"ပုသိမ်မြို့ပေါ် လမ်းမကြီးတစ်လျှောက်နဲ့ ချောင်းသာ၊ငွေဆောင် ကမ်းခြေက ဆိုင်တွေပေါ့။PO အပြင်ကို additional ခွဲတမ်းထပ်ပေးပါတယ်။PO ခွဲတမ်းက သူ့အတိုင်းသက်သက်ပေါ့နော်။အဓိကတော့ ခရီးသွားရာသီကာလ ဧည့်သည်တွေအဆင်ပြေပြေ သွားလာနိုင်အောင် အဘဝန်ကြီးချုပ်ကြီးအစီအစဥ်နဲ့ ခွဲတမ်းတွေ ချပေးနေပါတယ်"ဟု လမ်းပန်းနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်ထွန်းဇော်က ပြောသည်။
ထိုသို့ ရောင်း ချရာတွင် အဓိက QR အတိုင်းဖြင့်သာရောင်းချပေးနေကြောင်း သိရပြီး ခရီးသွားကားများနှင့်ဆိုင်ကယ်များကိုမူ QR ကုန်သွားလျှင် သွားမည့် ခရီးအကွာအဝေးကိုတွက်ချက်ပြီး ထပ်မံရောင်းချပေးနေကြာင်း သိရသည်။
"အဓိကတော့ QR နဲ့ပဲရောင်းပေးတာပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားကားတွေ၊ဆိုင်ကယ်တွေ QR ပြည့်သွားတာတို့ ဘာတို့ဆိုရင်တော့ သူတို့သွားမယ့်လာမယ့် ခရီးအကွာအဝေးကိုတွက်ချက်ပြီး အဆင်ပြေအောင် ရောင်းပေးနေပါတယ်။အဲတာမျိုးကြ NON QR အနေနဲ့ဆိုင်ကယ်ကားနံပါတ် စာရင်းသေချာ သွင်းပြီး ရောင်းပေးရတာပေါ့။ အဲဒါမှလဲ ခရီးသွားတွေအနေနဲ့အဆင်ပြေမယ့် သဘောမျိုး ဖြစ်နေတယ်"ဟု winner ဆီဆိုင်မှ မန်နေဂျာ ဦးဥာဏ်လင်းရွှေက NP News သို့ပြောသည်။
ခရီးသွားကား၊နှင့်ဆိုင်ကယ်များ ဆီပြတ်လပ်မှုနှင့်ကြုံသည့်အခါ သက်ဆိုင်ရာမြို့နယ်ထောက်ခံချက်ပါလျှင် အဆင်ပြေအောင်ရောင်းချပေးလျက်ရှိကြောင်း Newdays ဆီဆိုင်မှ တာဝန်ရှိသူက ပြောသည်။
"ဒီအပတ်ထဲဆို additional က 92 3640 လီတာ နဲ့95 က 1820 လီတာပေါ့။စွမ်းအင်ကချပေးတာပါ။PO ခွဲတမ်း အပြင်ကို ထပ်ပေါင်းပြီးစွမ်းအင်က ချပေးတာပေါ့။လက်ရှိတော့ ကျွန်တော်တို့ QR အတိုင်းပဲရောင်းပါတယ်။ခရီးသွားကားတွေဆီပြတ်တယ်ဘာညာဆိုရင်တော့ ထောက်ခံစာနဲ့ရောင်းပေးပါတယ်"ဟု Newday ဆီဆိုင်မှ စနီယာ pump တာဝန်ခံ ကိုမင်းခန့်ကျော်က NP News သို့ပြောသည်။
ယခုအချိန်သည် ပုသိမ်မြို့သို့ ခရီးသွား၊ဧည့်သည် အဝင်များသည့် ကာလဖြစ်ပြီး ပြီးခဲ့သည့် သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ခရီးသွားဧည့်သည် (၃၅၀၀၀) နီးပါး ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်ခဲ့ကြပြီး လာမည့်တန်ဆောင်တိုင်ပွဲတော်တွင်လည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အစီအစဥ်ဖြင့် ရှူခင်းသာရင်ပြင်တွင် စတိတ်ရှိုးအစီအစဥ်များ၊ ငဝန်မြစ်အတွင်း မီးမျှောပွဲများ၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းများ ပြုလုပ်သွားရန် စီစဥ်နေကြောင်း သိရသည်။