
နေပြည်တော်၊ နိုဝင်ဘာ ၁၆
နေပြည်တော်ရှိ တည်ထောင်ပြီး ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇုန်သစ်အဖြစ် ပုဗ္ဗသီရိစက်မှုဇုန် ဖော်ဆောင်ရေး လုပ်ငန်းများကို စက်မှုဇုန်ဥပဒေ၊ စက်မှုဇုန်နည်းဥပဒေနှင့် ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတန်ဖိုးမြှင့် စက်မှုထုတ်ကုန်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ၁၄-၁၁-၂၀၂၆ ရက်နေ့က နေပြည်တော်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ နေပြည်တော် စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စက်မှုဇုန်ဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေး ပူးပေါင်း ဆောင်ရွက်သွားရန်၊ Agro-based Industries များ၌ လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများပေါင်းစပ် ကာ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက် သွားရန်၊ စက်မှုလုပ်ငန်းများ၌ ပြည်ပမှ တင်သွင်း နေရသည့် ကုန်ကြမ်းများအပေါ် မှီခိုနေရမှုများကို လျှော့ချပြီး ပြည်တွင်းကုန်ကြမ်းများ အစားထိုးအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်၊ လုပ်သားများ၏ ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း၊ နည်းပညာမြင့် စက်များသုံးစွဲကာ ကုန်ထုတ်နှုန်းနှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန်၊ ငွေကြေး အရင်းအနှီးအတွက် MSME ချေးငွေအပါအဝင် စက်မှု လုပ်ငန်းချေးငွေများအား ပံ့ပိုးပေးလျက်ရှိပြီး စက်ရုံ များ၌ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် အခက်အခဲများရှိပါက မြန်ဆန်စွာဖြေရှင်း ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိရာ စီမံချက်အတိုင်း ကွင်းဆင်းအဖွဲ့ဖြင့် အသေးစိတ်စစ်တမ်းများကောက်ယူကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော် စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ လည်ပတ်တိုးတက်မှုအခြေအနေနှင့် ပုဗ္ဗသီရိစက်မှုဇုန်ဖော်ဆောင်ရေး ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် ကော်မတီအတွင်းရေးမှူး၊ စက်မှုဇုန်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော် MSMEs အသင်းဥက္ကဋ္ဌက အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)နှင့် ပူးပေါင်းကာ ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းများဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရွှေမင်းသား မုန့်မျိုးစုံလုပ်ငန်းနှင့် နန်းစိန် မုန့်မျိုးစုံ လုပ်ငန်းတို့တွင် လုပ်ငန်းများလည်ပတ်ဆောင်ရွက် နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက် အခက်အခဲတင်ပြမှုများအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Myanmar #News