
စင်ကာပူအခြေစိုက် ဒေတာစင်တာကုမ္ပဏီ Megaspeed International က တရုတ်သို့ Nvidia ချစ်ပ်များ လွှဲပြောင်းပေးရန် ကြားခံဆောင်ရွက်ခဲ့သူအဖြစ် စွပ်စွဲခံနေရသည့် ကုမ္ပဏီ၏ ဒါရိုက်တာဟောင်း အဲလစ်ဟွမ်သည် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်ကတည်းက ကုမ္ပဏီမှထွက်ခွာခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီ၌ မည်သည့်တာဝန်မျှ ယူမထားကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် AFP ၏မေးမြန်းမှုကို ရှင်းလင်းဖြေကြားခဲ့သည်။
Megaspeed သည် အရှေ့တောင်အာရှရှိ ၎င်း၏ ဒေတာစင်တာများအတွက် Nvidia ၏ အဆင့်မြင့် AI ချစ်ပ်များကို ဝယ်ယူပြီးနောက် တရုတ်သို့လွှဲပြောင်းပေးခြင်းဖြင့် အမေရိကန်၏ ချစ်ပ်တင်ပို့မှု ကန့်သတ်ချက်များကို တရုတ်ကုမ္ပဏီများ ရှောင်လွှဲနိုင်အောင် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံနေရသည်။
အဲလစ်ဟွမ်ကို အမေရိကန်မီဒီယာများက တရုတ်ထောက်လှမ်းရေးအတွက် လုပ်ဆောင်ပေးနေသည်ဟု စွပ်စွဲခံထား ရသူအဖြစ် ဖော်ပြခဲ့ပြီး Nvidia ပူးတွဲတည်ထောင်သူ ဂျန်ဆန်ဟွမ်နှင့် ဆက်ဆံရေးရှိခဲ့သူအဖြစ် ဖော်ပြကြသည်။
သို့သော် Megaspeed က ကုမ္ပဏီအနေဖြင့် တရားဝင်ပြီး ဥပဒေနှင့်ညီသည့် စီးပွားရေးလုပ်ငန်းများကိုသာ လုပ်ကိုင်နေကြောင်းဆိုကာ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း၊ ကုန်စည်ထောက်ပံ့ရေးကွင်းဆက်နှင့် ကမ္ဘာတစ်ဝန်း လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ မီဒီယာများ၏ ဖော်ပြချက်အချို့မှာ အတည်ပြုနိုင်သည့် အထောက် အထားများဖြင့် မဟုတ်ကြောင်း ဆိုသည်။
စင်ကာပူအာဏာပိုင်များက အဆင့်မြင့် AI ချစ်ပ်များပါဝင်သည့် ဆာဗာများကို စင်ကာပူမှမလေးရှားသို့ တင်ပို့ခဲ့ပြီး အာဏာပိုင်များထံ တင်ပြထားသည့် အချက်အလက်များနှင့် မကိုက်ညီသည့် အခြားနေရာများသို့ ဆက်လက်ပို့ဆောင် ခဲ့ဖွယ်ရှိကြောင်း ပြောသည်။ စင်ကာပူရဲတပ်ဖွဲ့ အဆိုအရ Megaspeed နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
အဲလစ်ဟွမ်သည် Megaspeed နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုအတွင်း မမှန်ကန်သည့် အချက်အလက်များ ပေးခဲ့သဖြင့် ယခုနှစ် ဖေဖော်ဝါရီတွင် စင်ကာပူသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ သို့သော် ၎င်းကို သူလျှိုလုပ်မှုဖြင့် စစ်ဆေးခဲ့ခြင်း မဟုတ်ပေ။
Ref: AFP