NP News

ရှန်ဟိုင်းယာဉ်ထိန်းရဲတစ်ဦး အင်္ဂလိပ်စကား ကျွမ်းကျင်စွာပြောဆိုမှုကြောင့် လူမှုကွန်ရက်မှာ လူသိများလာ

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ယာဉ်ထိန်းရဲတစ်ဦးဟာ နိုင်ငံခြားခရီးသွားနှစ်ဦးကို ယာဉ်စည်းကမ်းချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ရှင်းပြနေတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီးနောက် ချီးကျူးမှုတွေ ရရှိနေပါတယ်။
နိုဝင်ဘာလ(၅)ရက် ည(၁၀)နာရီခန့်မှာ ရှန်ဟိုင်းမြို့ ကျင်းအန်ခရိုင် ယာဉ်ထိန်းရဲအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ ရှုယီချောင်ဟာ လျှပ်စစ်စက်ဘီးတစ်စီးပေါ်မှာ အရွယ်ရောက်ပြီးသူနှစ်ဦး စီးနင်းလာတာကို တွေ့ရှိခဲ့တာ ကြောင့် တားဆီးစစ်ဆေးခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ယာဉ်စည်းကမ်းအရ အသက်(၁၂)နှစ်ကျော်သူတွေကို လျှပ်စစ် စက်ဘီးပေါ်မှာ တင်ဆောင်ခွင့်မရှိပါဘူး။ အဲဒီနောက် သူတို့ဟာ တရုတ်စကားမပြောတတ်တဲ့ ထိုင်းနိုင်ငံသား ခရီးသွားတွေဖြစ်ကြောင်း သိရှိခဲ့ပြီး အင်္ဂလိပ်စကားနဲ့ယာဉ်စည်းကမ်းတွေကို အင်္ဂလိပ်လို ရှင်းပြကာ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် စည်းကမ်းချိုးဖောက်မှုဖြစ်ပြီး ထိခိုက်မှုနည်းပါး သလို ချက်ချင်းပြင်ဆင်ခဲ့တာကြောင့် ငွေဒဏ်မချမှတ်ဘဲ စာနဲ့သာ သတိပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ဗီဒီယို ပျံ့နှံ့လာပြီးနောက် ရဲအရာရှိရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်၊ အလုပ်အပေါ် ကျွမ်းကျင်မှုနဲ့ယဉ်ကျေးစွာ ဆက်ဆံပုံ တို့ကို လူမှုကွန်ရက်အသုံးပြုသူတွေက ချီးကျူးခဲ့ကြပါတယ်။
၂၀၀၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ရှုယီချောင်ဟာ နိုင်ငံခြားမှာ ပညာသင်ခဲ့ဖူးတာမရှိဘဲ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာကို စိတ်ဝင်စားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ နိုင်ငံခြားရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွေ ကြည့်ရင်း အသံထွက်နဲ့ လေယူလေသိမ်း တိုးတက်စေဖို့ ဇာတ်ဝင်ခန်းတွေကို လိုက်လံတုပပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲအကယ်ဒမီမှာ တက်ရောက်စဉ်ကလည်း အင်္ဂလိပ်စာနဲ့ ရဲလုပ်ငန်းဆိုင်ရာ အထူးပြုဘာသာရပ်တွေကို သင်ယူခဲ့ရပြီး အလုပ်ဝင်ပြီးနောက် နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့အမှုအခင်းတွေကို ကိုင်တွယ်နိုင်ဖို့ ထပ်မံ လေ့ကျင့်သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ရှန်ဟိုင်းမြို့ဟာ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံခြားခရီးသွား ၅.၃၁ သန်း လက်ခံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၇.၈၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ အခုလို နိုင်ငံခြားခရီးသွားတွေ များပြားလာတာ ကြောင့် ယာဉ်ထိန်းရဲတွေအနေနဲ့ အင်္ဂလိပ်စကားပြောဆိုနိုင်ဖို့ လေ့ကျင့်မှုတွေ ပိုမိုလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှုယီချောင်ကတော့ ဒီဖြစ်စဉ်ဟာ သူ့အတွက် ပုံမှန်လုပ်ငန်းတာဝန်တစ်ခုသာဖြစ်ကြောင်းနဲ့ တစ်နေ့ကို ယာဉ်စည်းကမ်းချိုးဖောက်မှု ရာနဲ့ချီပြီး ကိုင်တွယ်ရလေ့ရှိတယ်လို့ ပြောပါတယ်။ ဗီဒီယိုကြောင့် နိုင်ငံခြားခရီးသွားတွေ ရှန်ဟိုင်းမြို့ရဲ့ယာဉ်စည်းကမ်းတွေကို ပိုမိုနားလည်လာမယ်ဆိုရင်တော့ အကျိုးရှိတဲ့ အသိပညာပေးမှုတစ်ခု ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

မူရင်းသတင်း — NP News