
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၆
ဆဋ္ဌသင်္ဂါယနာသမိုင်းဝင် ပိဋကတ်တိုက်ရှိ ပေစာများကို သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်းနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်မြို့ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး သို့ ယမန်နေ့ (နိုဝင်ဘာ ၁၅ရက်) ကသွားရောက်ကာ ရေယိုစိမ့်မှုဖြစ်ပေါ်နေသည့် နေရာများကို ပြင်ဆင်ဖာထေးနေမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မဟာနာယကကျောင်းတော်ကြီးရှေ့ရှိ ခြံစည်းရိုးမုခ်ဦး ပြင်ဆင်မည့်နေရာ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဝင်းအတွင်းရှိ ဥဿာသီရိဥယျာဉ်တော်ကြီး၏ အုတ်တံတိုင်းခြံစည်းရိုး များတွင် ပေါက်ရောက်နေသည့် အပင်များနှင့် ခြံစည်းရိုးအနီးရှိ အပင်များ ခုတ်ထွင်ရှင်းလင်းမှု၊ မဟာသိမ်တော်ကြီး အုတ်တံတိုင်းခြံစည်းရိုး ဆေးသုတ်နေမှုလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သံဃာ့ဆေးရုံအဆောင်သစ်၌ ဖွင့်လှစ်ထားသည့် သွားဆေးခန်းကို ဆဋ္ဌသင်္ဂါယနာတင် သမိုင်းဝင် မူလဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ အဆောင်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သံဃာတော်များ ဆေးကုသမှုခံယူရာတွင် လိုအပ်သည့် ကုသရေးပစ္စည်းများနှင့် ဆေးဝါးများ အလုံအလောက် ဖြည့်တင်းထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ဆဋ္ဌသင်္ဂါယနာသမိုင်းဝင် ပိဋကတ်တိုက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးယိုယွင်းနေသည့် ဘုရားဆင်းတုတော်များနှင့် ရဟန္တာရုပ်ပွားတော်များအနက် ပြန်လည်ပြုပြင်နိုင်သည့် ရုပ်ပွားတော်များ ကို ပြုပြင်ရန်နှင့် ပြုပြင်၍မရနိုင်သည့် ရုပ်ပွားတော်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သည်။
ထို့အတူ ပိဋကတ်တိုက်ရှိ ရှေးဟောင်းပေစာများကို သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။