Eleven Media Group

မန္တလေးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်လုယက်၍ အမျိုးသားသုံးဦးအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ် စသည့် မြို့နယ်သုံးခုတို့၌ သေနတ်ဖြင့် ပစ်ခတ်လုယက်၍ အမျိုးသားသုံးဦးအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီခန့် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ “ရှိုင်း” Baby Store ဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်၍ သေနတ် ၁ ချက်ပစ်ဖောက်ကာ ငွေ ၅ သိန်းကျပ်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ည ၆ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၅၈ လမ်း၊ ၃၂ လမ်း နှင့် ၃၂ လမ်း(A)လမ်းကြားရှိ Lwin Mobile Phone အရောင်းဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဆိုင်မှ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ သေနတ် ၂ ချက် ပစ်ဖောက်ကာ မှန်ကောင်တာအားရိုက်ခွဲ၍ လက်ကိုင်ဖုန်းမျိုးစုံ ၅ လုံးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် နိုဝင်ဘာ ၅ ရက် နေ့လယ် ၁ နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် ကျေးရွာ၊ ကားလမ်းဘေးရှိ “ထာဝရ” ဖုန်းဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ငွေတောင်းခံရာ မရရှိသဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်မျိုးသန့်(၃၇)နှစ်အား သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ ကိုအောင်မျိုးသန့်တွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိသေဆုံးခဲ့ပြီး တရားခံမှ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိန်ပင်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်မျိုးသန့်၏ ဦးလေးဖြစ်သူ ကိုမောင်(ခ)မိုးကျော်အောင်(၄၇)နှစ်နှင့် ဦးပေလုံး(ခ)မင်းလွင်(၅၅)နှစ်တို့ နှစ်ဦးမှ တရားခံ၏နောက်သို့ MDY-12 2E-5457 TOYOTA CROWN ယာဉ်ဖြင့်လိုက်ပါသွားခဲ့ရာ လိန်ပင် ကျေးရွာ ရွာလယ်လမ်းအရောက်၌ အဆိုပါအမျိုးသားမှ ၎င်းစီးလာသည့် ဆိုင်ကယ်အား မော်တော်ယာဉ် ရှေ့သို့ထိုးရပ်၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်းသို့ MG-1 လက်ပစ်ဗုံး ၁ လုံးအား ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုမောင်(ခ) မိုးကျော်အောင်နှင့် ဦးပေလုံး(ခ)မင်းလွင်တို့နှစ်ဦးတွင် ခန္ဓာကိုယ်ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ လိန်ပင် ကျေးရွာ၊ ရွာလယ်လမ်းအနီးနေသူ မထက်ယုယုအောင် (၃၆)နှစ်၏နေအိမ်သို့ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ခြိမ်းခြောက်၍ ၄၅ယ/၇၇၂၄၉ DAYANG ခဲ/နက်ရောင် ဆိုင်ကယ်အား လုယက်ယူဆောင်ခဲ့ပြီး ရေကြည်ကျေးရွာဘက်သို့ ဆက်လက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် ကျေးရွာရှိ မဇူးမြတ်နိုး(၁၉)နှစ်ပိုင်ဆိုင်သည့် “အထင်ကရ” ကုန်စုံဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိ လာပြီး သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေသိန်း ၄၀ ကျပ်အား လုယက်ယူဆောင်ကာ သေနတ် ၁ ချက် ပစ်ဖောက်၍ ထွက်ခွာသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများ၌ အမှုအသီးသီးရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ တရားခံအား ဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တရားခံအားဖမ်းဆီးနိုင်ရေးအတွက် အခင်းဖြစ်နေရာများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ အမှုများအား တရားခံတစ်ဦးတည်းမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက် ညနေပိုင်းတွင် အခင်းဖြစ်နေရာအနီး၌ တရားခံစီးနင်း အသုံးပြုခဲ့သည့် ဆိုင်ကယ်နှင့် ဆိုင်ကယ်တူးဘောက်အတွင်းမှ ယာဉ်မှတ်ပုံတင်စာအုပ် ၁ အုပ်၊ ဆိုင်ကယ်ဝှီးတက် ၁ ခု၊ ဦးကျော်ဆန်းအမည်ပါ ယာဉ်မောင်းလိုင်စင်ကတ်ပြား ၁ ခု၊ ဆိုင်ကယ်ဘီးခွန် ၁ စောင်၊ လက်ပစ်ဗုံး စနစ်တံ ၁ ခု၊ ငွေစက္ကူရောရာ ၉၀,၀၀၀ ကျပ်တို့အားလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင် ကျေးရွာ၊ ရွာလယ်လမ်းအနီးနေ မထက်ယုယုအောင်ထံမှ လုယူသွားသည့် DAYANG အမျိုးအစား ဆိုင်ကယ်တစ်စီးအား ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာ ဇီးခြံအနီး လူသွားလမ်းပေါ်မှ လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယာဉ်မောင်းလိုင်စင်ကတ်ပြားပါ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရပ်ကွက်နေ ဦးကျော်ဆန်း၏နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်းမှ ပစ္စတိုသေနတ်အိတ် ၁ အိတ်၊ စကားပြောစက် ၃ လုံး၊ ပြောက်ကျားကျည်ကာ ဦးထုပ် ၁ လုံး၊ ပြောက်ကျားအကျႌ ၆ ထည်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကာ ပြစ်မှုကျူးလွန်သူ တရားခံမှာ ဦးကျော်ဆန်း၏သားဖြစ်သူ နေလင်းအောင်ဖြစ်ကြောင်း သိရှိရသဖြင့် တရားခံနေလင်းအောင် အား ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့​နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှုများအား ကျူးလွန်ခဲ့သူ တရားခံ နေလင်းအောင်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာ အရှေ့ဘက်၊ စိုက်/မွေးသိပ္ပံကျောင်း၏တောင်ဘက် သရက်ခြံတောအတွင်းရှိ လျှိုအတွင်း၌ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရပ်ကွက်နေ တရားခံ နေလင်းအောင်(၂၇)နှစ် (ဘ)ဦးကျော်ဆန်းအား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M 906-T အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ သေနတ်ဖြင့်ပစ်ခတ်၍ လုယက်မှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှု ၆ မှုဖြင့် အမှုဖွင့်လှစ်အရေးယူထားရှိသူ တရားခံနေလင်းအောင်အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အလားတူပြစ်မှုများ ထပ်မံကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ်စစ်ဆေးလျက်ရှိကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group