Myanmar Transparency News

အားလပ်ရက်ရှည်များတွင် တန်းစီစောင့်ဆိုင်းရမှုများ များပြားလာသဖြင့် ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား အားသွင်းစက်ပေါင်း ၂၆,၀၀၀ ခန့် ထပ်မံလိုအပ်နေဟု အော်ပရေတာ ပြောကြား

သက်တံ့

၁၆.၁၁. ၂၀၂၆

ထိုင်းနိုင်ငံတွင် တစ်ဟုန်ထိုး များပြားလာနေသည့် လျှပ်စစ်ကား (EV) အရေအတွက်နှင့် အမီလိုက်နိုင်ရန်အတွက် အများပြည်သူသုံး လျှပ်စစ်ကား အားသွင်းစက်ပေါင်း ၂၆,၀၀၀ ခန့် ထပ်မံလိုအပ်နေကြောင်း အားသွင်းဝန်ဆောင်မှု အော်ပရေတာ SHARGE က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ခန့်မှန်းပြောကြားလိုက်ပြီး အမြန်လမ်းမကြီး နားနေစခန်းများနှင့် အားလပ်ရက် ခရီးသွားလမ်းကြောင်းများမှာ အဆိုးရွားဆုံး ပိတ်ဆို့တန်းစီရသည့် နေရာများဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ကမ္ဘာ့ပျမ်းမျှအချိုးမှာ အများပြည်သူသုံး အားသွင်းစက် တစ်လုံးလျှင် ကား ၁၁ စီးခန့် ရှိနေချိန်တွင် ထိုင်းနိုင်ငံ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အချိုးအစားမှာ အားသွင်းစက် တစ်လုံးလျှင် ကားအစီးရေ ၃၀ ခန့်အထိ ရှိနေကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ မှတ်ပုံတင်ထားသည့် ဘက်ထရီသုံး လျှပ်စစ်ကား (BEV) စုစုပေါင်း ၄၅၆,၀၀၀ ကျော်အတွက် ထိုင်းနိုင်ငံတစ်ဝန်းတွင် အများပြည်သူသုံး အားသွင်းရုံပေါင်း ၅,၀၀၀ ကျော်နှင့် အားသွင်းစက်ပေါင်း ၁၅,၀၀၀ ခန့်သာ ရှိကြောင်း Sharge Management Co Ltd ၏ အမှုဆောင်အရာရှိချုပ် ပီရာပတ် ဆီရီချန်ထာရိုပတ်စ် (Peerapat Sirichantaropas) က ပြောကြားသည်။

အထူးသဖြင့် အမြန်အားသွင်းစက် (DC fast chargers) များမှာ အားအနည်းဆုံး အပိုင်းဖြစ်နေပြီး စက်တစ်လုံးလျှင် ကားအစီးရေ ၄၇ စီးခန့် မျှဝေသုံးစွဲနေရကာ ဒေသအများအပြားတွင် နေ့စဉ်ပုံမှန် အသုံးပြုရန်ပင် လုံလောက်မှု မရှိကြောင်း သိရသည်။

တိုးပွားလာနေသည့် ကားအရေအတွက်နှင့် ဟန်ချက်ညီစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိရှိနေသည့် အားသွင်းစက် အရေအတွက်ထက် ၂ ဒသမ ၇ ဆခန့် (စုစုပေါင်း အားသွင်းစက် ၄၁,၀၀၀ ခန့်အထိ) လိုအပ်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားသည်။ ကုမ္ပဏီ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် BEV ကား မှတ်ပုံတင်မှု ၁၂၂,၃၈၄ စီး (၂၀၂၄ ခုနှစ်ထက် ၇၂ ဒသမ ၁၂ ရာခိုင်နှုန်း မြင့်တက်) ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း မှတ်ပုံတင်မှုမှာ ၁၆၉,၆၃၈ စီးအထိ ရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၉၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

၎င်းတို့၏ RÊVERSHARGER အက်ပ်မှ ရရှိသော အားသွင်းရုံ အရေအတွက်နှင့် အားသွင်းမှု အချက်အလက်များအပေါ် အခြေခံ၍ SHARGE က ထောက်ပြရာတွင် လူစည်ကားချိန်၌ အားသွင်းစက်များ မကြာခဏ ပြည့်ကျပ်နေလေ့ရှိသည့် M7၊ M9 နှင့် M6 အမြန်လမ်းမကြီးများပေါ်ရှိ နားနေစခန်းများအပြင် အားလပ်ရက်များတွင် အားသွင်းစက်အားလုံးနီးပါး ပြည့်နေတတ်သည့် ချွန်ဘူရီ (Chon Buri) မှ ပတ္တရား (Pattaya) သွားရာ လမ်းကြောင်းတို့ကို အဓိက အမည်တပ် ဖော်ပြခဲ့သည်။

ထို့အပြင် ခွန်ကန် (Khon Kaen) နှင့် ဥဒုံဌာနီ (Udon Thani) ဘက်သို့ ဦးတည်သည့် ဆာရာဘူရီ (Saraburi) မှ နခွန်ရတ်ချာစီမာ (Nakhon Ratchasima) လမ်းပိုင်းတွင် ကြီးမားသော အမြန်အားသွင်းရုံ အများအပြား လိုအပ်နေသကဲ့သို့ တောင်ပိုင်းသွား လမ်းကြောင်းဖြစ်သည့် ပရာချွတ်ခီရီခန် (Prachuap Khiri Khan) မှ ချွန်ဖွန် (Chumphon) လမ်းပိုင်းတွင်လည်း အားသွင်းရုံကြီးများ လိုအပ်နေသေးကြောင်း စာရင်းပြုစု ဖော်ပြခဲ့သည်။

ခရီးဝေး မမောင်းနှင်မီ ခေတ္တရပ်နားရန် နေရာများအဖြစ် ကန်ဖန်ဖက် (Kamphaeng Phet) နှင့် ချွန်ဖွန်ကဲ့သို့ ပြည်နယ်တစ်ခုနှင့်တစ်ခု အကြား ဖြတ်သန်းသွားလာရာ ခရိုင်များတွင်လည်း အားသွင်းစက်များ လိုအပ်နေပြီး ယင်းနေရာအားလုံး၌ တန်းစီစောင့်ဆိုင်းရမှုများမှာ ပွဲတော်ရက်များနှင့် အားလပ်ရက်ရှည် ကာလများတွင် အဓိက ဖြစ်ပေါ်လေ့ရှိကြောင်း ကုမ္ပဏီက ဖြည့်စွက်ပြောကြားသည်။

Ref: The Thaiger

မူရင်းသတင်း — Myanmar Transparency News