Myanmar Digital News

လျှပ်စစ်မှစတင်သည့် မီးလောင်ကျွမ်းမှု သတိပြု၍ ကြိုတင်ကာကွယ်ပြင်ဆင်

ယမန်နှစ် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှု စုစုပေါင်း ၁၀၁၈ ကြိမ် ဖြစ်ပွားခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများမှာ ပေါ့ဆမှု၊ လျှပ်စစ် ဝိုင်ယာရှော့ခ်ဖြစ်ပွားမှုနှင့် မီးဖိုရှိမီးကြွင်းမီးကျန်တို့မှ အများဆုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁ဝ လတာအတွင်း မီးလောင်မှု အကြိမ် ၈၅၀ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦး သေဆုံးပြီး ၁၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း၊ လူနေအိမ် ၂၆၄၄ လုံး၊ စက်ရုံ ၁၃ ရုံနှင့် ဂိုဒေါင် ၃၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများတွင် တွေ့ရသည်။ အဆိုပါ ၁ဝ လအတွင်း ရန်ကုန်တိုင်းဒေသကြီးသည် မီးလောင်မှု အများဆုံးဖြစ်ပွားရာ ဒေသဖြစ်ပြီး အကြိမ်ရေ ၁၈၀ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးသည် မီးလောင်မှု ၁၅၉ ကြိမ် ဖြစ်ပွားခဲ့ရာ ဒုတိယအများဆုံး၊ ရှမ်းပြည်နယ်သည် မီးလောင်မှု ၁၀၁ ကြိမ်ဖြင့် တတိယအများဆုံးဖြစ်သည်။

 

မီးသတ်ဦးစီးဌာန၏ စာရင်းအချက်အလက်များအရ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားသည့် မီးလောင်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်မီး၊ ပေါ့ဆမီးနှင့် မီးဖိုမီးတို့ကြောင့်ဖြစ်သည်။ ဝိုင်ယာရှော့ခ်ဖြစ်ခြင်း၊ ဝန်အားမနိုင်ဘဲ သုံးခြင်း၊ အင်ဗာတာ/ ဘက်ထရီအပူလွန်ကဲခြင်း စသည့် လျှပ်စစ်မီးလောင်ကျွမ်းမှုသည် ၃၇ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်း၊ ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ အမွှေးတိုင်မီးနှင့် ဆေးလိပ်မီးကြွင်းမီးကျန်တို့မှ စတင်သည့် ပေါ့ဆမီး လောင်ကျွမ်းမှုသည် ၂၈ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း၊ ထမင်း၊ ဟင်းချက်ပြုတ်ရာမှ မီးကြွင်းမီးကျန် ကျန်ရှိခြင်း၊ ဂက်စ်မီးဖိုပေါ့ဆခြင်းတို့ဖြစ်သည့် မီးဖိုမီးလောင်ကျွမ်းမှုသည် ၁၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းထိရှိသည်။

 

ဝိုင်ယာရှော့ခ်ကြောင့်ဖြစ်ပွားသည့် မီးလောင်မှုများကို ကာကွယ်ရန် ပလတ်ပေါက်တစ်ခုတည်းတွင် ထမင်းပေါင်းအိုး၊ ရေနွေးအိုး၊ မီးပူနှင့် အဲကွန်းကဲ့သို့သော ဝန်အားမြင့် လျှပ်စစ်ပစ္စည်းများ တစ်ပြိုင်တည်း ပူးတွဲအသုံးပြုခြင်းကို လုံးဝရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဝိုင်ယာကြိုးများကို မိမိအသုံးပြုမည့် လျှပ်စစ်ဝန်အားနှင့် ကိုက်ညီသော အရွယ်အစားကိုသာ ရွေးချယ်တပ်ဆင်ပြီး ဝိုင်ယာရှော့ခ်ဖြစ်ပါက အလိုအလျောက် မီးဖြတ်တောက်ပေးနိုင်သည့် ဘရိတ်ကာများ တပ်ဆင်ထားရန်လည်းလိုသည်။ ကြွက်ကိုက်ထားသော ဝိုင်ယာကြိုးများ၊ အပူလွန်၍ မာကျောအက်ကွဲနေသော ဝိုင်ယာကြိုးများ၊ ချောင်နေသော ပလတ်ပေါက်များကို တိပ်ပတ်၍ ဆက်သုံးခြင်းမပြုဘဲ အသစ်လဲလှယ်ကြရမည်ဖြစ်သည်။

 

နေ့စဉ် အလေ့အကျင့်များအနေဖြင့် မီးပူ၊ ရေနွေးအိုး၊ ဆံပင်အခြောက်ခံစက်နှင့် ဟော့ပလိပ်တို့ကို အသုံးပြုပြီးတိုင်း ခလုတ်ပိတ်ရုံသာမက နံရံရှိ ပလတ်ပေါက်မှ ပလတ်ခေါင်းကိုပါ အမြဲဖြုတ်ထားရန်၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်နှင့် ကွန်ပျူတာများကို နံရံနှင့် ကပ်မထားဘဲ အပူစွန့်ထုတ်နိုင်ရန် အနည်းဆုံး လေးလက်မမှ ခြောက်လက်မခန့်ခွာထားရန်၊ လျှပ်စစ်မီးပြတ်တောက်သွားသည့်အခါ မီးပူ၊ ဟင်းချက်မီးဖိုနှင့် ရေမော်တာ စသည့်ပစ္စည်းများ၏ ခလုတ်များကို ပိတ်ထားရန် သို့မဟုတ် မိန်းခလုတ်ချထားရန် လိုအပ်သည်။ မီးပြန်လာချိန်တွင် ဗို့အားဆောင့်တက်ခြင်းကြောင့် အပူလွန်ကဲပြီး မီးလောင်တတ်သည်။

 

ယနေ့ခေတ်အခါတွင် မီးစက်၊ ဆိုလာနှင့် ဘက်ထရီသုံးစွဲမှု များပြားလာသဖြင့် အဆိုပါပစ္စည်းများမှ မီးလောင်မှု မဖြစ်ပွားစေရန် မိုဘိုင်းဖုန်း၊ အားသွင်းမီးအိမ်၊ လျှပ်စစ်စက်ဘီး ဘက်ထရီများကို အိပ်ရာဝင်ချိန် တစ်ညလုံး အားသွင်းခြင်းကို ရှောင်ကြဉ်ပြီး အားပြည့်ပါက ချက်ချင်းဖြုတ်ရမည်ဖြစ်သည်။ အင်ဗာတာနှင့် ဘက်ထရီများကို နေရောင်တိုက်ရိုက်ကျရောက်သော နေရာ၊ မီးဖိုအနီး သို့မဟုတ် မီးလောင်လွယ်သော ပစ္စည်းများအနီးတွင် မထားဘဲ လေဝင်လေထွက်ကောင်းသော ခြောက်သွေ့သည့် နေရာတွင် ထားရှိရန်၊ ဆိုလာပြားနှင့် အင်ဗာတာစနစ်များကို ကျွမ်းကျင်လျှပ်စစ်ပညာရှင်များဖြင့်သာ စနစ်တကျ တပ်ဆင်ရန်လည်း လိုသည်။

 

လျှပ်စစ်မီးလောင်ကျွမ်းသည့်အခါ ရေဖြင့် ပက်ဖျန်းပါက ဓာတ်လိုက်သေဆုံးနိုင်သဖြင့် ရေကို လုံးဝအသုံးမပြုဘဲ ပင်မလျှပ်စစ် မိန်းခလုတ်ကို ချက်ချင်းဆွဲချပြီး ဓာတ်အားဖြတ်တောက်လိုက်ရမည်ဖြစ်သည်။ ယင်းနောက် လျှပ်စစ်မီးအတွက် အထူးထုတ်လုပ်ထားသည့် မီးသတ်ဆေးဘူးများဖြင့်သာ မီးငြှိမ်းသတ်ရမည်ဖြစ်သည်။

 

ခြောက်သွေ့ရာသီနှင့်အတူ အပူရှိန်မြင့်မားသည့် ကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ရာ မီးလောင်ကျွမ်းမှုများ မဖြစ်စေရန် မီးသုံးစွဲမှုတိုင်းတွင် မပေါ့မဆ သတိပြုကြရမည်ဖြစ်သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း၏ အများဆုံးသော အကြောင်းရင်းဖြစ်သည့် လျှပ်စစ်မီးလောင်ကျွမ်းမှုများကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းအားဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များစွာ လျော့နည်း ကျဆင်းစေမည်ဖြစ်ပါသည့်အကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News