သက်တံ့
၁၇. ၁၁. ၂၀၂၆
ထိုင်းအာဏာပိုင်များက ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ ဟတ်ယိုင် (Hat Yai) မီးရထားဘူတာရုံ၌ မြန်မာလူငယ်ပွဲစား ၄ ဦးနှင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု Khaosod English သတင်းဌာနက ဖော်ပြသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ စီ ပေးဆောင်၍ လိုက်ပါလာကြခြင်းဖြစ်ကြောင်း သိရသည်။
ဆုန်ခလာခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ကြီးကြပ်ရေးမှူး ရဲမှူးကြီး ဆိုရာထတ် အီယမ်လာအော (Pol. Col. Sorathat Iamla-or) ဦးဆောင်သော သက်ဆိုင်ရာဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့သည် ဟတ်ယိုင်မီးရထားဘူတာရုံအပြင်ဘက်တွင် သုံးဘီးကား (tuk-tuk) များပေါ်သို့ တက်ရောက်နေသည့် မသင်္ကာဖွယ် မြန်မာနိုင်ငံသားတစ်စုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တန် (Tan) နှင့် လင်း (Lin) (အမည်လွှဲများ) ဟု ဖော်ထုတ်သိရှိရသည့် မြန်မာအမျိုးသား နှစ်ဦးက ၎င်းတို့၏ သယ်ယူပို့ဆောင်ရေးကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အရာရှိများက ကြားဖြတ်စစ်ဆေးခဲ့ရာ နိုင်ငံကူးလက်မှတ် (Passport) အတု ကိုင်ဆောင်ထားသူ ၁၀ ဦးနှင့် နိုင်ငံကူးလက်မှတ် လုံးဝမပါရှိသူ ၁၃ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၂၃ ဦးကို တွေ့ရှိခဲ့သည်။
စစ်ဆေးမေးမြန်းစဉ်အတွင်း တန်နှင့် လင်းတို့က ရွှေ့ပြောင်းလုပ်သားများကို ရတ်ချဘူရီ (Ratchaburi) မှ ဆုန်ခလာသို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် ဟတ်ယိုင်ကားဂိတ်သို့ လွှဲပြောင်းပေးရန်အတွက် တစ်ဦးလျှင် ဘတ် ၂,၀၀၀ စီ ရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
အရာရှိများက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်တိုးချဲ့လုပ်ဆောင်ခဲ့ရာ ထိုင်း-မလေးရှား နယ်စပ်တစ်လျှောက်ရှိ တောလမ်းများမှတစ်ဆင့် ခိုးထုတ်ပို့ဆောင်ခြင်းမပြုမီ ရွှေ့ပြောင်းလုပ်သားများကို လက်ခံကြိုဆိုခြင်းနှင့် လုပ်ငန်းစဉ်တစ်ခုလုံးကို ချိတ်ဆက်ညှိနှိုင်းပေးသူများဖြစ်သည့် မောင် (Maung) နှင့် မြတ် (Myat) (အမည်လွှဲများ) ဟု ဖော်ထုတ်သိရှိရသော နောက်ထပ် မြန်မာနိုင်ငံသား နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

သံသယရှိသူများ၏ ထွက်ဆိုချက်များ
မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦးက မလေးရှားနိုင်ငံတွင် အလုပ်အကိုင်ရရှိရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စုဆောင်းငွေများထဲမှ ပွဲစားများကို တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း အရာရှိများထံ ထွက်ဆိုခဲ့ကြသည်။
နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ထားသူများကမူ အဆိုပါစာရွက်စာတမ်းများသည် အတုများဖြစ်ကြောင်း မသိရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံမှ ထွက်ခွာမလာမီ ပွဲစားများက ပြင်ဆင်ထုတ်ပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင် နိုင်ငံကူးလက်မှတ်များထဲတွင် ၎င်းတို့၏ ကိုယ်ပိုင်ဓာတ်ပုံများ ပါရှိနေကြောင်းကိုလည်း အခိုင်အမာ ပြောကြားခဲ့ကြသည်။
အာဏာပိုင်များက အဆိုပါနိုင်ငံခြားသားများကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှုဖြင့် တရားစွဲဆိုခဲ့သည်။ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ထားသူများကိုမူ နိုင်ငံကူးလက်မှတ်အတု အသုံးပြုမှုဖြင့် ထပ်တိုးတရားစွဲဆိုထားပြီး ယင်းပြစ်မှုသည် ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိနှင့် ငွေဒဏ် ဘတ် ၂၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။

ဥပဒေကြောင်းအရ အရေးယူမှုနှင့် နိုင်ငံတစ်ဝန်း နှိမ်နင်းရေးစီမံချက်
တစ်ချိန်တည်းမှာပင် ပွဲစား ၄ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား အာဏာပိုင်များ၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် ပူးပေါင်းလက်ခံထားရှိမှု သို့မဟုတ် ကူညီပေးမှုတို့ဖြင့် တရားစွဲဆိုထားသည်။ မော်တော်ယာဉ် တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူ အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဟတ်ယိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ခွဲ (၆) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ချာရိုအန်ဖုန် ခန်တီလို (Pol. Col. Charoenphong Khantiloh) က ယခုဖမ်းဆီးမှုသည် လွယ်ကထုန် (Loy Krathong) ပွဲတော်မတိုင်မီ အများပြည်သူ၏ ဘေးကင်းလုံခြုံရေးအပေါ် ယုံကြည်မှုမြှင့်တင်ရန် ရည်ရွယ်သည့် နိုင်ငံတစ်ဝန်း ရာဇဝတ်မှုနှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုစီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစစ်ဆင်ရေးကို အမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နွမ်မာ (Pol. Gen. Samran Nualma) နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာ ရဲဒုတိယဗိုလ်ချုပ်ကြီး နော့ပါဆင် ပူးလ်ဆာဝပ် (Pol. Lt. Gen. Noppasin Poolsawat) တို့၏ ရာဇဝတ်မှုနှိမ်နင်းရေးနှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား တိုက်ဖျက်ရေး မူဝါဒများအောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အာဏာပိုင်များအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေးဗျူရို၏ အရေးပေါ်ဖုန်းလိုင်း ၁၁၇၈ (1178) သို့ ဆက်သွယ်သတင်းပေးပို့ကြရန်လည်း အများပြည်သူကို တိုက်တွန်းနှိုးဆော်ထားသည်။
Ref: Khaodsod English