Myanmar Digital News

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ သေနတ်ပစ်ခတ် လုယက်၍ အမျိုးသားသုံးဦးအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦး သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၆

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ သေနတ်ဖြင့် ပစ်ခတ်၍ လုယက်မှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သဖြင့် သက်ဆိုင် ရာရဲစခန်းတွင် အမှုခြောက်မှုဖြင့် အမှုဖွင့်လှစ်ထားသူ တရားခံနေလင်းအောင်အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး အလားတူ ပြစ်မှု များ ထပ်မံကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ်စစ်ဆေးလျက်ရှိကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် ကန်သာယာရပ်ကွက် ၅၈ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ “ရှိုင်း” Baby Store ဆိုင်၌ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်၍ သေနတ်တစ်ချက် ပစ်ဖောက် ကာ ငွေကျပ်ငါးသိန်း လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ အောင်ပင်လယ် နယ်မြေရဲစခန်း (ပ)၁၆၅/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း။

 

နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၅၈ လမ်း၊ ၃၂ လမ်းနှင့် ၃၂ လမ်း(A) လမ်းကြားရှိ Lwin Mobile Phone အရောင်းဆိုင်မှ ဝန်ထမ်း များအား သေနတ်ပြခြိမ်းခြောက်၍ သေနတ်နှစ်ချက် ပစ်ဖောက်ကာ မှန်ကောင်တာအား ရိုက်ခွဲ၍ လက်ကိုင်ဖုန်း မျိုးစုံ ငါးလုံး လုယက်ယူဆောင်သွားခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် လည်းကောင်း။

 

နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာ ကားလမ်းဘေးရှိ “ထာဝရ”ဖုန်းဆိုင်၌ သေနတ်ပြ ခြိမ်းခြောက် ငွေတောင်းခံရာမရရှိသဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်မျိုးသန့် (၃၇) နှစ်ကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ကိုအောင်မျိုးသန့်တွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိသေဆုံးခဲ့ပြီး တရားခံမှ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိန်ပင် ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်မျိုးသန့်၏ ဦးလေးဖြစ်သူ ကိုမောင် (ခ) မိုးကျော်အောင် (၄၇) နှစ်နှင့် ဦးပေလုံး (ခ) မင်းလွင်(၅၅)နှစ်တို့ နှစ်ဦးက တရားခံ၏နောက်သို့ MDY-12 2E-5457 Toyota Crown ယာဉ်ဖြင့် လိုက်ပါသွားခဲ့ရာ လိန်ပင်ကျေးရွာ ရွာလယ်လမ်း အရောက်၌ အဆိုပါအမျိုးသားက ၎င်းစီးလာသည့် ဆိုင်ကယ်အား မော်တော်ယာဉ်ရှေ့သို့ ထိုးရပ်၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်းသို့ MG-1 လက်ပစ်ဗုံးတစ်လုံးအား ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့်  ကိုမောင်(ခ) မိုးကျော်အောင်နှင့် ဦးပေလုံး (ခ) မင်းလွင် တို့နှစ်ဦးတွင် ခန္ဓာကိုယ် ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၂၄၆၊ ၂၄၈ /၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်လည်းကောင်း။

 

နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပုသိမ်ကြီးမြို့နယ် လိန်ပင်ကျေးရွာ ရွာလယ်လမ်း အနီးနေသူ မထက်ယုယုအောင် (၃၆) နှစ်၏နေအိမ်၌ သေနတ် ဖြင့်ခြိမ်းခြောက်၍ ၄၅ယ/၇၇၂၄၉ DAYANG ခဲ/နက်ရောင်ဆိုင်ကယ် အား လုယက်ယူဆောင်ခဲ့ ပြီး ရေကြည်ကျေးရွာဘက်သို့ ဆက်လက်မောင်းနှင် ထွက်ပြေး သွားသဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၂၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း။

နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီ တွင် ပုသိမ်ကြီးမြို့နယ် ရန်ကင်း တောင်ကျေးရွာရှိ မဇူးမြတ်နိုး (၁၉)နှစ်ပိုင်ဆိုင်သည့် “အထင်ကရ” ကုန်စုံဆိုင်၌ သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၄၀ လုယက်ယူဆောင်ကာ သေနတ်တစ်ချက်ပစ်ဖောက်၍ ထွက်ခွာသွားခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၂၄၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း သက်ဆိုင် ရာရဲစခန်းများ၌ အမှုအသီးသီး ရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ တရားခံအား ဖမ်းဆီးနိုင်ရေး စုံစမ်း ဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှုများကျူးလွန်ခဲ့သူ တရားခံ နေလင်း အောင်အား ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီတွင် ပုသိမ်ကြီး မြို့နယ် ရှင်တော်ကုန်းကျေးရွာ အုပ်စု လိန်ပင်ကျေးရွာ အရှေ့ဘက် စိုက်/မွေး သိပ္ပံကျောင်း၏ တောင်ဘက် သရက်ခြံတောအတွင်းရှိ လျှိုအတွင်း၌ ပုသိမ်ကြီးမြို့နယ် အရှေ့ကန်ကောက်ရပ်ကွက်နေ တရားခံ နေလင်းအောင် (၂၇) နှစ် (ဘ) ဦးကျော်ဆန်းအား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M 906-T အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်တစ်တောင့်၊ လက်ကိုင်ဖုန်းနှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News