Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်

နေပြည်တော် နိုဝင်ဘာ ၁၆

 

မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး H.E. Dato’ Sri Ramanan Ramakrishnan ၏ ဖိတ်ကြားချက်အရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိပြီး မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဘန်ဂီမြို့ရှိ လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများပုံနှိပ်ထုတ်ပေးခြင်း ဆောင်ရွက်လျက်ရှိသည့် Percetakan Kesematan Nisonal(PKN) Bangi ကုမ္ပဏီနှင့် ဆလန်ဂေါ ပြည်နယ် ရှားအာလမ်မြို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု လိုင်စင်ရရှိထားသော(Tier IV) အဆင့်ရှိ Data Center လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Heitech Bardu Barhad ကုမ္ပဏီတို့ကို သွားရောက်လေ့လာခဲ့သည်။

 

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် Seaview Hectare Sdn Bhd ကုမ္ပဏီ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးနေမှုကို လေ့လာကြည့်ရှုပြီး မွန်းလွဲပိုင်းတွင် ပူထရာဂျာယာမြို့ရှိ လူမှုဖူလုံရေး ရုံး(PERKESO) အစည်းအဝေး ခန်းမ၌ မလေးရှားနိုင်ငံ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Dato’ Sri Ramanan Ramakrishnan နှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားနှင့် မိသားစုဝင်ဦးရေ မှတ်တမ်းအရ ၁၆၀၀၀၀ ကျော် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ရရှိရေး၊ လူမှုဖူလုံရေးနှင့် စောင့်ရှောက်မှုများ ပိုမိုကောင်းမွန် လာစေရေးတို့အတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ အလုပ်သမားများ တရားဝင်လမ်းကြောင်းမှတစ်ဆင့် စနစ်တကျ လာရောက်လုပ်ကိုင်ရန်၊ ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်သွားရန်၊ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ ချောမွေ့စေရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးလိုကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity – CI) ထုတ်ပေးခြင်းဖြင့် အထောက်အထား ပြည့်စုံသော တရားဝင် ရွှေ့ပြောင်းလုပ်သားများ အဖြစ်သို့ မှတ်ပုံတင်ကူးပြောင်းနိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြန်လည် ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဆလန်ဂေါပြည်နယ် ဘန်ဂီမြို့ရှိ မြန်မာအလုပ်သမား ၄၂၅ ဦးခန့် အလုပ်လုပ်ကိုင်နေကြသော SONY EMCS(Malaysia) Sdn. Bhd. စက်ရုံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုစနစ် (FWCMS)ဆောင်ရွက်လျက်ရှိသည့် Bestinet Sdn Bhd Co.,Ltd ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား တရားဝင် အထောက်အထား ထုတ်ပေးနိုင်ရေး ဆွေးနွေးမှု အခြေအနေ၊ မိသားစုလွှဲပို့ငွေများကို တရားဝင် လမ်းကြောင်းမှတစ်ဆင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ပေးနိုင်မှု အခြေအနေနှင့် FWCMS စနစ်တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီအရေအတွက် တိုးမြှင့်ပေးနိုင်ရေး အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ MARCHANTRADE Sdn. Bhd. သို့ သွားရောက်ပြီး မလေးရှား အလုပ်ရှင်များက ရွှေ့ပြောင်း အလုပ်သမားများ၏ လစာကို ၎င်းတို့ကုမ္ပဏီ၏ Digital Wallet မှတစ်ဆင့် လစာပေးချေနိုင်ရေး ဝန်ဆောင်မှု၊ ငွေလွှဲဝန်ဆောင်မှု၊ ဈေးကွက်အခြေအနေနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို လေ့လာ၍ Ria Money Transfer Sdn Bhd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် Ria Wallet နှင့် Prepaid Card များ စီစဉ်ပေးထားမှုနှင့် မြန်မာအလုပ် သမားများ၏ ငွေလွှဲပို့မှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ IBH Investment Bank Limited သို့ သွားရောက်ပြီး ကုမ္ပဏီများ ပူးပေါင်းခြင်းနှင့် ဝယ်ယူခြင်း (M&A)၊ အရင်းအနှီးရှာဖွေပေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း(Corporate Finance & Advisory)၊ နိုင်ငံတကာမှ ငွေကြေး ချမ်းသာသူများ (High-Net-Worth Individuals)နှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများ(Funds) တည်ထောင်ပေးခြင်း(Asset & Wealth Mana-gement)နှင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုနှင့် စီမံကိန်းများအတွက် ချေးငွေနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပေးအပ်ခြင်း (Cross-Border Financing) ဝန်ဆောင်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှုလေ့လာကာ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ မလေးရှားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံသို့ တရားဝင် လမ်းကြောင်းမှသာ စေလွှတ်နိုင်ရေးနှင့် အထောက်အထားမဲ့  မြန်မာနိုင်ငံသားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI) ထုတ်ပေးနိုင်ရေး အပါအဝင် မလေးရှားနိုင်ငံမှ အလုပ်ရှင်များကို မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အထောက်အထားမဲ့ အလုပ်သမားများအား လက်ခံခန့်အပ်ခြင်းမရှိစေရေး အလေးထားစိစစ်ကြပ်မတ် ပေးရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။

 

ထို့ပြင် မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားအများစု၏ လုပ်ငန်းခွင်အခြေအနေ၊ အလုပ်သမားများ အသုံးပြုလျက်ရှိသည့် တရားဝင် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများနှင့် တရားမဝင် ငွေလွှဲလမ်းကြောင်းများ၏ အခြေအနေများကို လေ့လာခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပိုမိုကာကွယ်စောင့်ရှောက် နိုင်ရေး၊ ၎င်းတို့၏ မိသားစုများထံ လုံခြုံစိတ်ချရသည့် တရားဝင် လမ်းကြောင်းများမှတစ်ဆင့် ငွေလွှဲပို့နိုင်ရေးနှင့် ပြည်တွင်းသို့ နိုင်ငံခြားဝင်ငွေ တရားဝင်စီးဆင်းမှုကို အထောက်အကူပြုနိုင်ရေး အတွက် အရေးပါသည့် အလုပ်သဘောခရီးစဉ်တစ်ရပ်ဖြစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News