
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
အိုမန်နဲ့ အီရန်တို့ဟာ အင်္ဂါနေ့မှာ ရေကြောင်းလမ်းကြောင်းတွေ လုံခြုံရေးနဲ့ ကမ္ဘာ့ကုန်သွယ်ရေး၊ သင်္ဘောသွားလာမှု တွေ ချောမွေ့စေဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အခြေအနေတွေ ပိုမိုတင်းမာ မလာအောင် ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးမှုတွေကို အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီ အိုမန်နိုင်ငံကို လာရောက်ချိန်မှာ ပြုလုပ်ခဲ့တာပါ။ အိုမန်ဟာ ဟော်မုဇ်ရေလက်ကြားရဲ့ တောင်ဘက်ကမ်းရိုးတန်းကို ထိန်းချုပ်ထားပြီး အမေရိကန်နဲ့ အစ္စရေးတို့က အီရန် ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းမှာ ကြားဝင်ဖျန်ဖြေပေးခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။
အာရာချီရဲ့ ခရီးစဉ်ဟာ ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပိုများလာချိန်မှာ ဖြစ် ပေါ်လာတာပါ။ အီရန်က အရေးကြီးတဲ့ ဒီရေလမ်းကြောင်းမှာ သင်္ဘောသွားလာမှု တွေကို ဆက်လက်အနှောင့်အယှက် ပေးနေပြီး အမေရိကန်ကလည်း တုံ့ပြန်တဲ့အနေနဲ့ အီရန်အပေါ် ရေတပ်ပိတ်ဆို့မှု ဆက်လက်လုပ်ဆောင်နေပါတယ်။
ပဋိပက္ခမဖြစ်ခင်က ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းခဲ့တဲ့ ဟော်မုဇ် ရေလက်ကြားဟာ ကိုးလ ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးနေမှုတွေမှာ အဓိကအခက်အခဲတစ်ခုအဖြစ် ဆက်ရှိနေပြီး လက်ရှိအချိန်အထိ ထူးခြားတဲ့ သဘောတူညီချက် မရသေးဘဲ ဆက်လက်တင်းမာနေပါတယ်။
Ref – Reuters