
ကမ္ဘောဒီးယားနိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် Power Plant အတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ၏ လက်ရှိသွယ်တန်းထားရှိသော ပိုက်လိုင်းနှင့် အခြေခံအဆောက်အအုံများအား အသုံးပြု၍ LNG နှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်နိုင်ရေးကိစ္စရပ်များ မြန်မာ-ကမေ႓ာဒီးယား ဆွေးနွေးကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား ကမ္ဘောဒီးယားနိုင်ငံ၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Cheap Sour ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရေနံ့သာခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိသဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်လုပ်ကွက်များ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရန် အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များနှင့် လစ်လပ်လျက်ရှိသော ကမ်းလွန်လုပ်ကွက်များတို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံများပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ကမ္ဘောဒီးယားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်များ ပေါင်းစပ်အသုံးပြုလျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားချိတ်ဆက်ရယူနေရမှုအခြေအနေများ၊ ကမ္ဘောဒီးယားနိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် Power Plant အတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ၏ လက်ရှိသွယ်တန်းထားရှိသည့် ပိုက်လိုင်းနှင့် အခြေခံအဆောက်အအုံများကို အသုံးပြု၍ LNG နှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။