Myanmar Digital News

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၁၀ လအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ၅ ဒသမ ၉၇ သန်းကျော် လာရောက်ဖူးမြော်ကြည်ညို


ရန်ကုန် နိုဝင်ဘာ ၁၆

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည် စုစုပေါင်း ၅၉၇၀၂၆၇ ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

 

အဆိုပါ ဘုရားဖူးဧည့်သည်များအနက် နိုင်ငံခြားသားခရီးသွား ၆၄၆၀၃ ဦး ပါဝင်ပြီး ထိုင်း၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်ခဲ့ခြင်း ဖြစ်သည်။ 

 

၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးတွင် နိုင်ငံခြားသားခရီးသွား ၇၆၀၀၀ ဝန်းကျင် (အမျိုးသား ၃၆၀၀၀ ကျော်နှင့် အမျိုးသမီး ၄၀၀၀၀ နီးပါး) ဝင်ရောက်ခဲ့ရာ ယခုနှစ်ကုန်တွင် ယခင်နှစ်ထက် ပိုမိုများပြားလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခုနှစ် ၁၀ လတာအတွင်း လာရောက်ခဲ့သည့် ဘုရားဖူးစာရင်းတွင် သံဃာတော် ၁၀၁၄၄၃ ပါး၊ သီလရှင် အပါး ၅၄၂၂၀၊ ပြည်တွင်းဘုရားဖူး အမျိုးသား ၂၆၂၇၇၂၈ ဦးနှင့် အမျိုးသမီး ၃၁၂၂၂၇၃ ဦးတို့ ပါဝင်သည်။

 

လအလိုက် ဝင်ရောက်မှုအနေဖြင့် ဖေဖော်ဝါရီလနှင့် ဧပြီလတို့တွင် တစ်လလျှင် ရှစ်သိန်းကျော်စီဖြင့် အများဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာလတွင် ခုနစ်သိန်းကျော်၊ မတ်လတွင် ခြောက်သိန်းကျော်၊ ဇန်နဝါရီ၊ မေနှင့် ဇူလိုင်လတို့တွင် ငါးသိန်းဝန်းကျင်စီနှင့် ဇွန်၊ ဩဂုတ်၊ စက်တင်ဘာလတို့တွင် လေးသိန်းကျော်စီ ဝင်ရောက်ခဲ့သည်။ ကြားရက်များတွင် တစ်ရက်လျှင် ပျမ်းမျှ ဘုရားဖူး ၁၀၀၀၀ ကျော် လာရောက်လေ့ရှိပြီး အခါကြီးရက်ကြီးနှင့် ရုံးပိတ်ရက်များတွင် ယင်းထက်ပိုမို များပြားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၃၀၀၀၀ ကျော်၊ သီလရှင် ၆၆၀၀၀ ကျော်၊ ပြည်တွင်းအမျိုးသား သုံးသန်းကျော်နှင့် အမျိုးသမီး ၃ ဒသမ ၆ သန်းကျော်အပါအဝင် ဘုရားဖူးဧည့်သည် စုစုပေါင်း ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်ခဲ့သည်။

 

လက်ရှိတွင် ဘုရားဖူးပြည်သူများ အဆင်ပြေစွာ လာရောက်ဖူးမြော်နိုင်ရန်အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

 

TWA

မူရင်းသတင်း — Myanmar Digital News