
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာမှုနှင့်အတူ ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်လာစေရေး အတွက် ထိုင်းခရီးသွား များကို Entry Permit ဖြင့် ဘားအံမြို့အထိ ဝင်ရောက်လည်ပတ်ခွင့်ရရှိရန်ဦးစားပေး အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့(နိုဝင်ဘာ ၁၆ ရက်) နံနက် ၉ နာရီက ဘားအံမြို့၊ ဟိုတယ်ကန်သာဦးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် အတွင်း လာရောက်လည်ပတ်တည်းခိုကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် များအား ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ စနစ်တကျဖြည့်စွမ်းပေးနိုင်ရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း (၂) မျိုးဖွင့်ပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာမှုနှင့်အတူ ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်လာစေရေး အတွက် မြန်မာ-ထိုင်းနယ်စပ်အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသား (သီးသန့်) အား ခရီးသွားလုပ်ငန်း များမှ တာဝန်ယူ၍ Package Tour ဖြင့် ဘားအံမြို့အထိ (၃)ညအိပ် (၄)ရက်ခရီးစဉ်ကို Entry Permit ဖြင့် ဝင်ရောက်လည်ပတ်ခွင့်ရရှိရေး ဦးစားပေးကြိုးပမ်းအကောင်အထည်ဖော်ခြင်းနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရန် မျှော်မှန်းထားပြီး သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် မိမိတို၏သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိစေရေး နည်းပြ များ၏ စာတွေ့/လက် တွေ့သင်ကြားပိုချမှုများကို စိတ်ဝင်တစားလေ့လာသင်ယူ၍ လုပ်ငန်းခွင်အတွင်း အကျိုးရှိရှိ ပြန်လည်အသုံးချကြစေလိုကြောင်းလည်း ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သော သင်တန်း (၂) မျိုးမှာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးဘာသာရပ် (HouseKeeping) နှင့် အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးဘာသာရပ် (Food & Beverage Service) သင်တန်းများဖြစ် ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် သင်တန်းသား၊ သင် တန်းသူ (၁၁၆) ဦးအား ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်သည် ခရီးသွားများကိုဆွဲဆောင်နိုင်သော ဒေသခံများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အတူ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ ပေါများစွာတည်ရှိ၍ ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်း ကောင်းများရှိသည့် ပြည်နယ်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ (၂၀) လုံးရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် (၆၈) လုံး အခန်းပေါင်း (၂၄၆၀) ခန်းထိ တိုးတက်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

