NP News

မြို့တော်နှစ်ခုကြားက လမ်း (သို့မဟုတ်) မော်လမြိုင် - ဘားအံ ခရီး

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မှ ကရင်ပြည်နယ်၏မြို့တော် ဘားအံကြား ဆက်သွယ်ထား သောလမ်း။ မြို့တော်နှစ်ခုကြားအကွာအဝေးကို ကြာချိန်ဖြင့်တွက်မည်ဆိုလျှင် မိနစ်(၄၀)ခန့်ခရီး။ ယင်း မိနစ်(၄၀)သည် စာအုပ်ငယ်တစ်အုပ်ကိုဖတ်ရသကဲ့သို့ ခံစားခဲ့ရသည်ဟုဆိုက လွန်အံ့မထင်ပေ။
လမ်းပိုင်းအကြောင်းကို အကျဉ်းအနေဖြင့် ဦးစွာတင်ပြပါမည်။ မော်လမြိုင်မှဘားအံသို့သွားလို သည်ဆိုပါက နှစ်လမ်းရှိသည်။ တစ်လမ်းမှာ အိန္ဒု-နောင် လုံဘက်ကသွားသောလမ်းဖြစ်ပြီး ကျန်တစ် လမ်းမှာ မော်လမြိုင်-ဘားအံ အဖြောင့်လမ်းဟုခေါ်သောလမ်းဖြစ်သည်။ စာရေးသူတို့သွားခဲ့သည်က အဖြောင့်လမ်း ဖြစ်၏။
သွားရပုံအကြောင်းကား (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားတွင် သတင်းရယူနိုင် ရန်အတွက် ကရင်ပြည်နယ်အစိုးရ၏ဖိတ်ကြားချက်အရ သွားရောက်ရခြင်းမှအစပြုသည်။ ရန်ကုန်မှ မော် လမြိုင်အထိ လေယာဉ်ခရီး၊ ထိုမှ ကုန်းလမ်းကြောင်းဖြင့် ဘားအံသို့သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယခု နောက်ပိုင်းကာလများတွင် ဘားအံမြို့သည် ခရီးသွားများအတွက် ဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာ သည်။ ပိတ်ရက်တွင် ဘားအံသွားကြသည်။ ဒေသန္တရဗဟုသုတများ ရှာမှီးလိုသူတို့ကလည်း ဘားအံသို့ သွားကြသည်။ ဖြူစင်၍ ချစ်စဖွယ်ကောင်းလှသော ကရင်တိုင်းရင်းသားတို့သည် ဘားအံ၏ နှလုံးသည်း ပွတ်ဖြစ်ပြီး ဘားအံမှ ရှုခင်းများသည်ကား ယင်းကိုဝန်းရံထားသည့် အဖိုး အနဂ္ဃထိုက်တန်သောရွှေစင် ဟု ဆိုရပေလိမ့်မည်။
မော်လမြိုင်မြို့။ ယင်းမြို့သည် ဈေးသက်သာသော ကုန်စည်များ၊ စားသောက်ကုန်များကြောင့် နာမည်ကျော်ပြီး ဒေသထွက်အစားအစာများသည်လည်း မော်လမြိုင်မြို့၏ဂုဏ်တစ်ခုဖြစ်သည်။ ထို့ပြင် မြို့၏တည်နေရာ လှပခြင်း၊ အေးချမ်းခြင်းနှင့် စီးပွားရေး ကောင်းခြင်းတို့သည်လည်း မော်လမြိုင်၏ ဂုဏ် တစ်ခုပင်။
ထို့ပြင် မော်လမြိုင်မြို့အနီးပတ်ဝန်းကျင်က လှပသောရှုခင်းများသည်လည်း ခရီးသွားများကို ဆွဲ ဆောင်နိုင်၏။ ထို့ကြောင့် ခြုံငုံ၍ပြောရပါလျှင် မော်လမြိုင်နှင့်ဘားအံသည် ရေခံမြေခံကောင်းသော၊ ချစ်စ ရာကောင်းသောဒေသခံများကို ရင်ခွင်အတွင်းထွေးပွေ့ထားသောမြို့နှစ်မြို့ဟုဆိုရမည်ဖြစ်သည်။ စာရေးသူအနေဖြင့် ယင်းနှစ်မြို့ကို ယခင်က ရောက်ဖူးချင်နေခဲ့ရာ ယခု ရောက်ခဲ့ရပေပြီ။ အထူးဆုသည် ကား ယင်းနှစ်မြို့ကြား ဆက်သွယ်ထားသောလမ်းမှ ပတ်ဝန်းကျင်မြင်ကွင်းနှင့် နှစ်မြို့အကြား ခရီးသွား အတွေ့အကြုံ များပင်တည်း။
မော်လမြိုင်မြို့ ဟင်္သာအဝိုင်းမှ နံနက် (၁၀) နာရီတွင် စတင်ထွက်ခွာလာသော စာရေးသူတို့ လိုက်ပါလာသည့်မော်တော်ယာဉ်သည် အတ္တရံမြစ်ကူးတံတားကိုဖြတ်ကျော်ခြင်းဖြင့် မော်လမြိုင်မြို့ကို စတင်နှုတ်ဆက်သည်။ ယင်းတံတားသည် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များနောက်ပိုင်း ဖွင့်လှစ်ချိန် နည်းပါးခဲ့သော်လည်း နယ်မြေလုံခြုံရေးအခြေအနေတိုးတက်လာပြီဖြစ်သောကြောင့် လက်ရှိတွင် နံနက် (၄)နာရီမှ ည (၉) နာရီအထိ ဖြတ်သန်းနိုင်ပေပြီ။
တံတားကိုဖြတ်ပြီးမကြာမီ သာဘူကုန်းရွာအကျော်၌ လမ်းခွဲတစ်ခုကိုတွေ့ရသည်။ စာရေးသူက မမေးမီ ကားပေါ်လိုက်ပါလာသူဒေသခံတစ်ဦးက “ဒီလမ်းခွဲက ဓမ္မသရွာကိုသွားတဲ့လမ်းလေ”ဟုညွှန်ပြ ၏။ “ဪသာ် ဓမ္မသရွာကိုး”ဟု စာရေးသူပါးစပ်မှ သံယောင်လိုက်မိသည်။ ဓမ္မသသည် ဂျိုင်း မြစ်ကမ်း နံဘေး၊ မွန်-ကရင်နယ်စပ်အနီးကရွာဖြစ်သည်။ ဓမ္မသရွာသည် တစ်ချိန်ကဆိုလျှင် အိမ်ကြီးအိမ်ကောင်း များစွာဖြင့်စည်ကားခဲ့သည်။ သို့သော် ယင်းရွာရှိကြောင်းကိုမူ မြန်မာတစ်နိုင်ငံလုံး မသိခဲ့ကြ။
“နာမည်ကြီးခဲ့တဲ့ရွာပေါ့။ ရွာက အိမ်ခြေလည်း များတယ်။ နောက်ပြီး အရမ်းလှတဲ့ရွာပေါ့နော်။ ဘာကြောင့်များ သောင်းကျန်းသူတွေဖျက်ဆီးခဲ့လည်း မစဉ်းစားတက်ဘူး။ တကယ်ကိုလှတဲ့ရွာပါဗျာ။ တောင်တွေဝန်းရံထားပြီး ဘေးနားမှာလည်း သံလွင်မြစ်နဲ့လေ။ နောက်ပြီး ရွာထဲကိုဝင်လိုက်တာနဲ့ အိမ် ကြီးအိမ် ကောင်းတွေချည်းပဲ”ဟု ၎င်းကပြောပြသည်။ ယင်း ဒေသခံပြောသည့် နာမည်ကြီးသည် ဆိုခြင်း မှာ အဘယ်ဖြစ်ပါသနည်း။ (၂၀၂၄) ခုနှစ် မတ်လက KNU / KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲ ဖော်ဆောင်မှုကြောင့် ယင်းရွာတွင် မီးလောင်၍မီးခိုးလုံးများ တက်နေသောမြင်ကွင်းမှာ အလွန်စိတ် မ ချမ်းမြေ့ဖွယ် ဖြစ်ခဲ့သည်။ ယင်းအချိန်က ကျေးရွာအတွင်း ပိတ်မိသူများလည်းရှိခဲ့၏။ ဓမ္မသရွာသည် အကြီးစား ထိခိုက်ခဲ့ရသည်။
လက်ရှိတွင်မူ ယင်းရွာသည် တည်ငြိမ်အေးချမ်းနေပြီဖြစ်ကာ မကြာမီကာလကပင် သီတင်း ကျွတ်ဆီမီး ထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါဒေသခံက ရှင်းပြ သည်။ သို့သော် ဒေသခံတို့၏စိတ်ဒဏ်ရာကိုးကား ကုစားရပေဦးမည်။ ယင်းနောက် ဆက်လက် မောင်း နှင်းလာရာ ဂျိုင်းမြစ်ကူးတံတားဖြစ်သော ဇာသပြင်တံတားသို့ရောက်သည်။ ဇာသပြင်တံတားကို တစ်ချိန် က သူပုန်တို့က ဖျက်ဆီးရန်ကြိုးစားခဲ့ကြ၏။ ဓမ္မနှင့်ဇသပြင် တံတားတို့သည် ကံတူအကျိုးပေးဖြစ်ခဲ့ သည်။ သူပုန်တို့သည် မော်လမြိုင်-ဘားအံလမ်းကြောင်းကို တက်လိုသည်။ ဇာသပြင်တံတားကိုထိန်းချုပ် လိုခဲ့သည်။ ထိန်းချုပ်လိုသည်ဆိုခြင်းမှာ တံတားကို ချိုးပစ်လိုခဲ့ခြင်းဖြစ် သည်။ သို့မှသာ စစ်ကူလာနိုင် မည်မဟုတ်တော့။
သူပုန်တို့၏အိပ်မက်က ကြီးမားသည်။ မွန်နှင့် ကရင်ကြား လွတ်မြောက်နယ်မြေဖြစ်ပြီး စစ်ကူ မလာနိုင်စေရန်အတွက် ဆောင်ရွက်လိုခဲ့ခြင်းဖြစ်သည်။ သို့သော် အခြေအနေတို့ပြောင်းလဲခဲ့ပြီ။ ယခု တော့ တံတားသည် ပုံမှန်အခြေအနေရှိနေပြီ။ သာမန်လမ်း တစ်လမ်းအပေါ်မှ ထည်ဝါသောတံတား တစ် စင်းအဖြစ် သမိုင်းကိုရင်ခွင်ပိုက်ရင်း ခရီးသွားများကို အလုပ်အကျွေးပြုနေလေသည်။ ဇာသပြင်တံတား ကိုဖြတ်သန်း ပြီးသည့်နောက် ကရင်ပြည်နယ်သို့ စတင်ဝင်ရောက်ပြီဖြစ်သည်။ ပထမဆုံးမြင်ရသည်ကား မတ်စောက်သော ထုံးကျောက်တောင်တို့ဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် လမ်းပိုင်းပျက်စီးမှု မရှိသ လောက်နည်းပါးသည်။ သို့သော် နှစ်လမ်းမောင်းလမ်းဖြစ်သောကြောင့် နှစ်မြို့ကြား ဆက်သွယ်ထား သောလမ်းတစ်လမ်းအတွက် အနည်းငယ်ကျဉ်းသည်ဟုဆိုရပေမည်။
လမ်းတစ်လျှောက်မြင်ကွင်းတွင် ထူးခြားသည့်အချက်မှာ လမ်းဘေး ဝဲ၊ ယာ၌ ကျွန်းပင်နှင့် ယူက လစ်ပင်များစိုက်ပျိုးထားသည့်မြင်ကွင်းဖြစ်သည်။ မြင်လေသမျှမြင်ကွင်းကား စိမ်းစိုမှုဖြင့် အတိ ပြီးသည် ဟု ဆိုရပေမည်။ လမ်းတစ်လျှောက်မြင်ကွင်းကား တူရူ ဆီမှလာသော ခရီးသည်တင်ကားများ၊ ကုန်တင် ကားငယ်များ၊ ဆိုင်ကယ်များဖြစ်သည်။ ယင်းကိုကြည့်ခြင်းအားဖြင့် ခရီးသွားလာရေးအတွက် ယင်းလမ်း ကို အားကိုးရကြောင်းထင်ရှားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်လည်း ယင်းလမ်းမှာ အဓိကကျ ကြောင်းပေါ်လွင်သည်။
ကုန်တို့မှာ လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း ကားပေါ်တွင်လိုက်ပါလာသူတစ်ဦးထံ မေးမြန်း ချက်အရသိရသည်။ ဘားအံ-ကော့ကရိတ်လမ်းမှဝင်ရောက်သည့်ကုန်ပစ္စည်းတို့သည်လည်းကောင်း၊ မော်လမြိုင်-ဘုရားသုံးဆူမှဝင်ရောက်သည့်ကုန်ပစ္စည်းတို့သည်လည်းကောင်း ယင်းလမ်းမှဖြတ်သန်းခြင်း ဖြစ်ကြောင်းသိရသည်။ “ဘားအံနဲ့မော်လမြိုင်သွားတဲ့အဖြောင့်လမ်းမှာက အန္တရာယ်မရှိဘူး။ အကြောင်း တစ်ခု ခုဖြစ်ရင်လည်း လုံခြုံရေးအရ အဲဒီလမ်းကပဲ သွားကြ၊ လာကြတယ်။ လူကြီးတွေ VIP သွားရင်သာ လမ်းကြောင်းပါတာ။ ပုံမှန်ဆိုရင် လုံခြုံရေးတောင်မရှိသလောက်ပဲ။ ဇာသပြင်တံတားထိပ်မှာ လုံခြုံရေးရှိ တယ်။ သံလွင်တံတားထိပ်မှာ လုံခြုံရေးရှိတယ် အဲဒီလောက်ပဲ။ လမ်းကြားထဲမှာ ဘာလုံခြုံရေးမှမရှိဘူး” ဟု ကရင်တိုင်းရင်းသားဒေသခံတစ်ဦးက ဆိုသည်။
လမ်းခရီးတစ်လျှောက် စိမ်းစိုသောမြင်ကွင်းများနှင့်အတူ ငါးမွေးကန်များ၊ အုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများကိုမြင်ရသည်။ သံလွင်မြစ်အနီးက ယင်းလမ်းသည် ငါးမွေးမြူရေးအတွက်လည်း အကျိုးဖြစ်ထွန်းပါ၏။ သို့သော် ထူးခြားချက်လည်းရှိ၏။ လယ်ယာစိုက်ခင်းများနှင့်အတူ ငါးမွေးကန် အ ဟောင်းများ၊ မြေရိုင်းအဖြစ်ပြောင်းလဲနေသည့် စိုက်ခင်းအချို့ကိုလည်း မြင်ရခြင်းဖြစ်သည်။ အချို့မြေ ကွက်လပ်များတွင်ဆိုလျှင် ပေါင်းပင်များ၊ မြက်ပင်များနှင့်ချုံနွယ်များ ဖုံးလွှမ်းနေသည်ကိုမြင်ရပြီး မိုးရာ သီတွင် ရေမြုပ်ကွင်း များဖြစ်သွားသည့်အတွက် နွေစပါးကိုသာ အဓိကစိုက်ပျိုးကြသည်ဟုသိရသည်။
အဆိုပါမြင်ကွင်းက သတင်းထောက်တစ်ဦးဖြစ်သော စာရေးသူ၏သိလိုစိတ်ကိုနှိုးဆွလာသည်။ ထို့ကြောင့် ကားပေါ်လိုက်ပါလာသောဒေသခံတစ်ဦးထံမေးမြန်းရာ အချို့က ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသောကြောင့် လယ်ပြန်မစိုက်သူများလည်းရှိကြောင်းဆိုသည်။ “အခြေအနေအရ တချို့က ထိုင်းမှာအလုပ်သွားလုပ်ကြတော့ လယ်တွေလွှတ်ကြတာလည်းရှိတယ်”ဟုပြောသည်။
စိုက်ပျိုးရေးကိုအခြေပြုသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ယင်းစိုက်ပျိုးရေးကို လက်လွှတ်ပြီး လူသားအရင်းအမြစ်တို့ ပြည်ပသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ပြောင်းရွှေ့အခြေချခြင်းမှာ အလွန်စိတ်မကောင်းဖွယ်မြင်ကွင်းဖြစ်သည်။ လမ်းတစ်လျှောက် လာရင်းဖြင့် လုပ်ငန်းလည်ပတ်နေသော ငါးသီးသန့်မွေးမြူရေးကန်များနှင့် ကြက်/ငါး တွဲဖက်မွေးမြူရေးကန်များကိုလည်းမြင်ရသည်။ ယင်းလမ်း တစ်လျှောက်တွင် ယခင်က ယခုထက် ငါးမွေးမြူရေးလုပ်ငန်းများအပြင် နွားမွေးမြူရေးလုပ်ငန်းလည်း ရှိခဲ့သည့်တိုင် လက်ရှိတွင် လျော့နည်းသွားခဲ့ကြောင်း အထက်ပါ ကရင်တိုင်းရင်းသားဒေသခံကဆိုသည်။
သို့သော် လုံခြုံရေးအခြေအနေတိုးတက်ပြီဖြစ်ရာ မကြာမီယခင်ကဲ့သို့မြင်ကွင်းများ မြင်တွေ့ရပေ တော့မည်။ “အရင်ကတော့ အရမ်းစည်တယ်။ စိုက်ကွင်းတွေဘာညာနဲ့ပေါ့။ ငါးမွေးကန်တွေများတယ်။ အခုကတော့ တော်တော်လေးလျော့သွားတာပေါ့။ နွားမွေးမြူတဲ့နေရာတွေလည်းရှိတယ်”ဟု ၎င်းကပြော သည်။ လမ်းပိုင်းတွင်မြင်တွေ့ရသော အုတ်လုပ်ငန်းတို့သည်လည်း ယခင်က ယခုထက်ပိုမိုများပြားခဲ့ ကြောင်းဆိုသည်။ သို့သော် ယင်းလုပ်ငန်းတို့သည် ယခုအခါ နည်းပါးနေသေးသည်။
“အရင်ကဆိုရင် အဲဒီနေရာတွေမှာ အုတ်ကို အကြီးကျယ်ဖုတ်ကြတယ်။ အဲဒီမှာ အုတ်ကို သန်းနဲ့ ချီ ထွက်တဲ့နေရာလေ။ အုတ်က အဲဒီနေရာက သိပ်ဖုတ်ကြတယ်။ ငါးမွေးကန်တွေကတော့ နဂိုတိုင်း ရှိ တယ်။ ဒါပေမဲ့ အားထည့်ပြီးသိပ်မလုပ်ကြဘူးလေ”ဟု ဒေသခံကဆိုသည်။ ယင်းလမ်း၏ဘေးတွင် ဆောက်လက်စ တံတားတစ်စင်းကိုလည်းမြင်ရသည်။ လုပ်ငန်များကို အားထည့်လုပ်ဆောင်နေ၏။ အစိုးရသည် ဖျက်ဆီးသူ မဟုတ် တည်ဆောက်သူဖြစ်ရာ ဒေသဖွံ့ဖြိုးရေးကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ယင်းတံတားအနီးတွင် ကောမရာ-ကော့မရံ-ဇာသပြင် လမ်းခြံကလေးကျေးရွာဟု ဆိုင်းဘုတ်တင် ထားကြောင်းမြင်ရသည်။ တံတားပြီးလျှင် ဒေသခံတို့ ၏လူမှုစီးပွားဘဝများမှာ ပိုမိုကောင်းမွန်သောအခြေ အနေကိုရရှိနိုင်ပေလိမ့်မည်။ လမ်းတစ်လျှောက် ကျေးရွာအများပြားကိုဖြတ်သန်းရသည်။ မြင်လေသမျှ ကျေးရွာတို့တွင်လည်း အိမ်ကြီး၊ အိမ်ကောင်းတို့များပြား၏။ ထူးခြားချက်မှာ ဘုန်းတော်ကြီးကျောင်းတို့ သည်လည်း ထည်ဝါခြင်းပင်။ ထို့ပြင် ပြည်နယ်နှစ်ခု နယ်စပ်တွင်ရှိသည်ဖြစ်သောကြောင့် ယင်းရွာတို့တွင် မွန်တိုင်းရင်းသားနှင့်ကရင်တိုင်းရင်းသားတို့အတူ ယှဉ်တွဲနေထိုင်သောကျေးရွာများလည်းရှိကြောင်း သိရသည်။
မကြာမီ မျက်စိရှေ့ပေါ်လာသည်က ဇွဲကပင်တောင်ကြီးဖြစ်သည်။ ထည်ဝါ၏၊ လှပ၏။ ကရင် ပြည်နယ်၏သင်္ကေတဖြစ်သောတောင်ကြီးသည် နွေးထွေး စွာဆီးကြိုသည်ကဲ့သို့ခံစားရသည်။ ယင်း၏ အဓိပ္ပာယ်မှာ ဘားအံမြို့သို့ရောက်ပြီဆိုသော အမှတ်သညာပင်။ မကြာမီ ဘားအံမြို့တွင်းဝင်တော့သည်။ သန့်ရှင်းသောမြင်ကွင်းက ဘားအံမြို့၏ နောက်တိုးဂုဏ်အင်္ဂါရပ်တစ်ခုဖြစ်လာသည်ဟုဆိုရပေလိမ့်မည်။ မြို့အတွင်း၊ အပြင်မြင်ကွင်းတို့က လှပ၏။ ဆွဲဆောင်မှုရှိသည်ဟုလည်းဆိုရမည်။ ခရီးသွားများ အဘယ် ကြောင့် ဘားအံကို လာရောက်လိုသည်ဆိုခြင်းအတွက် အဖြေမှာ ယင်းအရာတို့ပင် ဖြစ်ပေလိမ့်မည်။
မော်လမြိုင်-ဘားအံလမ်းကား စာရေးသူအတွက် ဒေသန္တရ ဗဟုသုတရသည်။ ထိုမျှမက ငြိမ်း ချမ်းမှု၏ရောင်စဉ်များကိုလည်း ခံစားမိခဲ့သည်။ စာရေးသူပင်ခံစားမိသည်ဟုဆိုလျှင် ဒေသခံတို့ အဘယ် သို့ရှိမည်နည်း။ ငြိမ်းချမ်းခြင်းသည် တန်ဖိုးကြီးလှ၏။ သို့သော် ယင်းတန်ဖိုးကို သိရန်လိုပေသည်။

မူရင်းသတင်း — NP News