Myanmar Transparency News

ရွှေတိဂုံစေတီတော်သို့ ယခုနှစ် အောက်တိုဘာလအထိ ပြည်တွင်း၊ ပြည်ပဘုရားဖူး ၅ ဒသမ ၉၇ သန်းကျော် လာရောက်ဖူးမြော်ခဲ့ပြီး နိုင်ငံခြားသားခရီးသွား ခြောက်သောင်းခွဲခန့် လာရောက်ခဲ့

၁၇.၁၁.၂၀၂၆
Written by Linn Eain

ရွှေတိဂုံစေတီတော်သို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် စုစုပေါင်း ၅,၉၇၀,၂၆၇ ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားဖူးဧည့်သည်များအနက် နိုင်ငံခြားသားခရီးသွား ၆၄,၆၀၃ ဦးပါဝင်ပြီး ထိုင်း၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်ခဲ့ကာ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးတွင် နိုင်ငံခြားသားခရီးသွား ၇၆၀၀၀ ဝန်းကျင် (အမျိုးသား ၃၆၀၀၀ ကျော်နှင့် အမျိုးသမီး ၄၀၀၀၀ နီးပါး) ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းဘုရားဖူးဧည့်သည်များတွင် အောက်တိုဘာလအထိ ၁၀ လတာအတွင်း လာရောက်ခဲ့သည့် ဘုရားဖူးစာရင်းအရ သံဃာတော် ၁၀၁,၄၄၃ ပါး၊ သီလရှင် အပါး ၅၄,၂၂၀၊ ပြည်တွင်းဘုရားဖူး အမျိုးသား ၂,၆၂၇,၇၂၈ ဦးနှင့် အမျိုးသမီး ၃,၁၂၂,၂၇၃ ဦးတို့ လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လအလိုက် ဝင်ရောက်မှုအနေဖြင့် ဖေဖော်ဝါရီလနှင့် ဧပြီလတို့တွင် တစ်လလျှင် ရှစ်သိန်းကျော်စီဖြင့် အများဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာလတွင် ခုနစ်သိန်းကျော်၊ မတ်လတွင် ခြောက်သိန်းကျော်၊ ဇန်နဝါရီ၊ မေနှင့် ဇူလိုင်လတို့တွင် ငါးသိန်းဝန်းကျင်စီနှင့် ဇွန်၊ ဩဂုတ်၊ စက်တင်ဘာလတို့တွင် လေးသိန်းကျော်စီ အသီးသီး ဘုရားဖူးဝင်ရောက်ခဲ့ပြီး ကြားရက်များတွင် တစ်ရက်လျှင် ပျမ်းမျှဘုရားဖူး ၁၀၀၀၀ ကျော် လာရောက်လေ့ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ရွှေတိဂုံစေတီတော်သို့ သံဃာတော် ၁၃၀၀၀၀ ကျော်၊ သီလရှင် ၆၆၀၀၀ ကျော်၊ ပြည်တွင်းအမျိုးသား သုံးသန်းကျော်နှင့် အမျိုးသမီး ၃ ဒသမ ၆ သန်း ကျော်အပါအဝင် ဘုရားဖူးဧည့်သည် စုစုပေါင်း ၆ ဒသ မ ၉ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News