Myanmar Transparency News

တောင်အာဖရိကနိုင်ငံ၌ သီးခြားဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုဖြစ်စဉ်နှစ်ခုအတွင်း လူ ၁၇ ဦး သေဆုံး

၁၇.၁၁.၂၀၂၆
Translated by Htwe Ko Tun

တောင်အာဖရိကနိုင်ငံ၊ ဂေါတန်ပြည်နယ်နှင့် ကွာဇူလူ-နာတယ်ပြည်နယ်တို့တွင် နိုဝင်ဘာလ ၁၅ ရက်ညက သီးခြားဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှု ဖြစ်စဉ်နှစ်ခုအတွင်း လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှစ်ခုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။ မကြာသေးမီနှစ်များအတွင်း တောင်အာဖရိကနိုင်ငံ၌ ဤကဲ့သို့ လူအများအပြား ပစ်ခတ်ခံရသည့် ဖြစ်စဉ်များ သတင်းခေါင်းကြီးပိုင်းများတွင် မကြာခဏ ပါလာတတ်သည့် အခြေအနေမျိုးလည်း ရှိလာနေကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံသည် အလွန်မြင့်မားသော အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုပြဿနာများနှင့်ပါ ရင်ဆိုင်နေရပြီး နေ့စဉ် လူပေါင်း ၆၀ ခန့် သေဆုံးလျက်ရှိသည်။

ဂေါတန်ပြည်နယ်၊ မြို့တော် ပရီတိုရီးယား အပြင်ဘက်ရှိ အခြေချနေထိုင်မှုပုံစံ မမှန်ကန်သော ရပ်ကွက်တစ်ခုတွင် နိုဝင်ဘာလ ၁၆ ရက် အစောပိုင်းက အလောင်း ကိုးလောင်းကို တွေ့ရှိခဲ့ရကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၇:၃၀ နာရီ (GMT အချိန် ၀၅:၃၀ နာရီ) တွင် သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ရာ တဲအိမ်တစ်လုံးအတွင်း၌ သေနတ်ဒဏ်ရာများဖြင့် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးသုံးဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးသလို မည်သူ့ကိုမျှလည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဒုတိယဖြစ်စဉ်တစ်ခုတွင် ကွာဇူလူ-နာတယ် ပြည်နယ်၊ ပီတာမာရစ်ဇ်ဘာ့ဂ် မြို့အပြင်ဘက် ကျေးလက်နှင့် မြို့ပြရောနှောနေသော ဒေသတစ်ခု၌ ကျည်ဆန်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် ယာဉ်တစ်စီးကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“ယာဉ်အတွင်း၌ သေနတ်ဒဏ်ရာ အများအပြားရရှိထားသည့် အမျိုးသား ၈ ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့အားလုံး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်”ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူများ၏ အထောက်အထားများကို ဖော်ထုတ်ရန်လည်း လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

“ကျွန်ုပ်တို့အနေဖြင့် ဤကဲ့သို့သော ပစ်ခတ်မှုမျိုးများကို ယခင်ကလည်း ကြုံတွေ့ခဲ့ရဖူးပြီး တိရစ္ဆာန်ခိုးယူမှု၊ မူးယစ်ဆေးဝါးကိစ္စရပ်များမှသည် တက္ကစီလုပ်ငန်းနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုများအထိ မတူညီသော အကြောင်းရင်းများကြောင့်ဖြစ်ပွားခဲ့ကြကြောင်း ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

စက်တင်ဘာလအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှစ်ခုတွင် ဂေါတန်နှင့် ဝက်စ်တန်ကိပ်ဒေသများ၌ လူအများအပြားကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့သေးသည်။

နှစ်ပေါင်းများစွာကြာ တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံများ စာရင်း၌ အမြဲတမ်းလိုလို ပါဝင်နေခဲ့ပြီး၊ လူဦးရေ ၁၀၀,၀၀၀ လျှင် နှစ်စဉ် လူသတ်မှု ၃၆ မှုမှ ၄၅ မှုအထိ မှတ်တမ်းတင်ထားရသည်။

ထို့အပြင် နိုင်ငံအတွင်းကျား/မအခြေပြုအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် အခြားသောလူချင်းထိတွေ့မှုဆိုင်ရာ ရာဇဝတ်မှုများ မြင့်မားနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရဲတပ်ဖွဲ့အနေဖြင့်ကိုင်တွယ်ဖြေရှင်းရမည့် အမှုအခင်းအရေအတွက် အလွန်များပြားနေခြင်းကြောင့် တရားခံများကို ပြစ်ဒဏ်ချမှတ်နိုင်မှုနှုန်း နည်းပါးရသည့် အကြောင်းရင်းတစ်ခု ဖြစ်လာစေကြောင်း သိရသည်။

Ref: AFP

မူရင်းသတင်း — Myanmar Transparency News