
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ လုယက်မှုများနှင့် လူသတ်မှု(၃)ခု ကျူးလွန်သူ တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့်(အောက်တိုဘာ ၂၆ ရက်)က ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် (၅၈) လမ်း၊ (၁၁၃) လမ်းနှင့် (၁၁၄) လမ်းကြားရှိ “ရှိုင်း” Baby Store ဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ခြိမ်းခြောက်ကာ သေနတ်တစ်ချက်ပစ်ဖောက်၍ ငွေကျပ်(၅)သိန်း လုယက်ယူဆောင်သွားခဲ့သည့်အတွက် ကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ (၃၉၂) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ကျူးလွန်သူအနေဖြင့် နိုဝင်ဘာ (၄) ရက် ညနေပိုင်းကလည်း ချမ်းအေးသာစံ မြို့နယ် ကန်ကောက်ရပ်ကွက် (၅၈) လမ်း၊ (၃၂) လမ်းနှင့် (၃၂) လမ်း(A) လမ်းကြားရှိ Lwin Mobile Phone အရောင်းဆိုင်မှ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ သေနတ်နှစ်ချက်ပစ်ဖောက်ကာ မှန်ကောင်တာကို ရိုက်ခွဲ၍ လက်ကိုင်ဖုန်းမျိုးစုံ(၅)လုံး လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ (၃၉၂) ဖြင့် ထပ်မံ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာ ၅ ရက်) ကလည်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာ ကားလမ်းဘေးရှိ “ထာဝရ” ဖုန်းဆိုင်၌ သေနတ်ပြခြိမ်းခြောက်ငွေတောင်းခံရာမရရှိသဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၃၇)နှစ်အရွယ် ကိုအောင်မျိုးသန့်အား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ကိုအောင်မျိုးသန့်တွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိသေဆုံးခဲ့ပြီး ကျူးလွန်သူမှ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိန်ပင်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကိုအောင်မျိုးသန့်၏ ဦးလေးဖြစ်သူ အသက်(၄၇)နှစ်အရွယ် ကိုမောင်(ခ) မိုးကျော်အောင်နှင့် အသက်(၅၅)နှစ်အရွယ် ဦးပေလုံး(ခ)မင်းလွင်တို့ နှစ်ဦးမှ ကျူးလွန်သူ၏နောက်သို့ TOYOTA CROWN ယာဉ်ဖြင့်လိုက်ပါသွားခဲ့ရာ လိန်ပင်ကျေးရွာ ရွာလယ်လမ်းအရောက်၌ အဆိုပါအမျိုးသားမှ ၎င်းစီးလာသည့် ဆိုင်ကယ်ကို မော်တော်ယာဉ် ရှေ့သို့ထိုးရပ်၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်းသို့ MG-1 လက်ပစ်ဗုံးတစ်လုံးအား ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာ ပေါက်ကွဲ ခဲ့ခြင်းမရှိ သော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုမောင်(ခ) မိုးကျော် အောင်နှင့်ဦးပေလုံး(ခ)မင်းလွင်တို့ နှစ်ဦးတွင် ခန္ဓာကိုယ်ကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့်လည်းကောင်း ထပ်မံအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းနေ့၌ပင် ကျူးလွန်သူသည် ပုသိမ်ကြီးမြို့နယ် လိန်ပင်ကျေးရွာ ရွာလယ်လမ်းအနီးနေသူ မထက်ယုယုအောင် ၏နေအိမ်၌ သေနတ်ဖြင့်ခြိမ်းခြောက်၍ ဆိုင်ကယ်ကို လုယက်ယူဆောင်ခဲ့ပြီး ရေကြည်ကျေးရွာ ဘက်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်း တောင်ကျေးရွာရှိ မဇူးမြတ်နိုးပိုင်ဆိုင်သည့် “အထင်ကရ” ကုန်စုံဆိုင်၌ သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေကျပ်သိန်း (၄၀) လုယက် ယူဆောင်ကာ သေနတ်တစ်ချက်ပစ်ဖောက်၍ ထွက်ခွာသွားခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများ၌ အမှုအသီးသီးရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှုများ ကျူးလွန်ခဲ့သူ နေလင်းအောင်အား ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက် မပြတ်ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ (၁၆) ရက် နံနက် (၁၁) နာရီတွင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု လိန်ပင်ကျေးရွာ အရှေ့ဘက်၊ စိုက်/မွေးသိပ္ပံကျောင်း၏တောင်ဘက် သရက်ခြံတော အတွင်းရှိ လျှိုအတွင်း၌ ပုသိမ်ကြီးမြို့နယ်အရှေ့ကန်ကောက်ရပ်ကွက်နေ ကျူးလွန်သူ အသက်(၂၇)နှစ်အရွယ်နေလင်းအောင်အား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M 906-T အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်တစ်တောင့်၊ လက်ကိုင်ဖုန်း (၂)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အလားတူပြစ်မှုများ ထပ်မံကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ်စစ်ဆေးလျက်ရှိကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။