NP News

သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ ကမ္ဘာကြီးငြိမ်းချမ်းရေးကို ဒေါ်နယ်ထရမ့်၊ရှီကျင့်ဖျင်နဲ့ ပူတင်တို့ဆွေးနွေးသွားမယ်

Pika (NP News) - နိုဝင်ဘာ ၁၇

ယခုသီတင်းပတ်အတွင်း ရှန်ကျန်းမြို့မှာကျင်းပမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊တရုတ်သမ္မတရှီကျင့်ဖျင် နဲ့ ရုရှားသမ္မတပူတင်တို့ကြား သုံးပွင့်ဆိုင်အစည်းအဝေးမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုကာကွယ်စောင့်ရှောက်ဖို့ အပါအဝင် အရေးပါတဲ့ကိစ္စရပ်တစ်ချို့ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးနဲ့ အပြိုင်ကျင်းပမယ့် ဒီသုံးပွင့်ဆိုင် ဆွေးနွေးပွဲက သမိုင်းဝင်တွေ့ဆုံမှုတစ်ခုဖြစ်လာနိုင်ခြေရှိနေပြီး ရှီကျင့်ဖျင်ကို ကမ္ဘာ့ရေးရာအဆုံးအဖြတ်ပေးနိုင်သူ အဖြစ် ပိုမိုခိုင်မာလာစေလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကလည်း ပူတင်နဲ့ရှီကျင့်ဖျင်တို့နဲ့အတူ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ အီရန်စစ်ပွဲ၊ စီးပွားရေး၊ ကုန်သွယ်ရေး နဲ့ ယူကရိန်းတို့အကြောင်း ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့လည်း တွေ့ဆုံသွားနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ ကင်ဂျုံအန်းနဲ့လည်း တွေ့ဆုံကောင်းတွေ့ဆုံနိုင်ပါတယ်။ဒါက ကောင်းမွန်တဲ့အရာ တစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ အများကြီးအောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီဆွေးနွေးပွဲကို ကင်ဂျုံအန်းရောက်လာနိုင်ခြေ ရှိ/မရှိ ဆိုတာကိုတော့ သေချာမသိကြောင်းနဲ့ အဲဒါက ရှီကျင့်ဖျင်အပေါ်မှာပဲ မူတည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒီသမိုင်းဝင်တွေ့ဆုံမှုကို ကမ္ဘာ့အကြီးဆုံးနျူကလီးယားအင်အားကြီးနိုင်ငံသုံးနိုင်ငံကြား နျူကလီးယားလက်နက် လျှော့ချရေးကိစ္စကို ဆွေးနွေးဖို့အတွက် အသုံးပြုသွားဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အပါအဝင် လူအများအပြားက မျှော်လင့်ထားကြတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News