သက်တံ့
၁၇. ၁၁. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းခရိုင်၊ မီရာဆာရိုင်းမြို့နယ်တွင် မြန်မာနိုင်ငံမှ မှောင်ခိုသယ်ဆောင်လာသည့် ကြက်တူရွေး အကောင် ၈၀ ကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးလိုက်သည်။
ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) တွင် ဂျိုရာဂန့်ဂျ် ယူနီယံ (Jorarganj union)၊ တောင်ဆိုနာပါဟာ (South Sonapahar) ဒေသရှိ Omera LPG စက်ရုံရှေ့ စစ်ဆေးရေးဂိတ်၌ ရှာဖွေစစ်ဆေးစဉ် အဆိုပါငှက်များကို ပြန်လည်သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ မီရာဆာရိုင်းမြို့နယ်၊ ခိုင်ယာချာရာ (Khaiachhara) ယူနီယံ၊ အရှေ့ခိုင်ယာချာရာမှ အသက် ၄၅ နှစ်အရွယ် ဆာဖာ အလီ (Safar Ali) နှင့် ဟာသာဇာရီ (Hathazari) မြို့နယ်၊ ဖာဟာဒါဘတ် (Farhadabad) ယူနီယံ၊ အရှေ့မန်ဒါကီနီမှ အသက် ၃၁ နှစ်အရွယ် မာမွန် (Mamun) တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သတင်းပေးချက်အရ ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ် ချထားစောင့်ဆိုင်းခဲ့ပြီး ကြက်တူရွေးများနှင့်အတူ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂျိုရာဂန့်ဂျ် ရဲစခန်းမှူး (OC) မိုဟာမက် အဗ္ဗဒူလ် ဟာလင်မ် (Mohammad Abdul Halim) က The Business Standard (TBS) သတင်းဌာနသို့ ပြောကြားသည်။
၎င်းတို့သည် အဆိုပါငှက်များကို မြန်မာနိုင်ငံမှ စုဆောင်းရယူခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ သွားရောက်ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကယ်တင်ရမိခဲ့သော ငှက်များသည် မြန်မာနိုင်ငံဒေသရင်း ကြက်တူရွေးမျိုးစိတ်များဖြစ်ပြီး အရောင်အဆင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအရ ဒေသခံမျိုးစိတ်များနှင့် ကွဲပြားခြားနားကြောင်း စခန်းမှူးက ဖြည့်စွက်ပြောကြားသည်။
၎င်းတို့၏ အမွေးအတောင်များမှာ အရောင်အတန်ငယ်ဖျော့ပြီး ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အမှတ်အသားများ ပါရှိသည်။ ငှက်တစ်ကောင်လျှင် တာကာငွေ ၈,၀၀၀ မှ ၁၀,၀၀၀ ခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောသည်။
ဂျိုရာဂန့်ဂျ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ စခန်းမှူး ဦးဆောင်ပြီး ဒုရဲအုပ် ကမ်ရူလ် ဟာဆန် (Kamrul Hasan) အပါအဝင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့က စစ်ဆင်ရေးဆောင်ရွက်ကာ ငှက်များကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြက်တူရွေးများကို အကောက်ခွန် ရှောင်တိမ်းကာ သွင်းကုန်ကန့်သတ်ချက်နှင့် ထိန်းချုပ်မှုများကို ချိုးဖောက်၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးသွင်းလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကောက်ခွန် ရှောင်တိမ်းမှုနှင့် တားမြစ်ပစ္စည်းများ မှောင်ခိုတင်သွင်းမှု စွဲချက်များဖြင့် အဆိုပါ အမျိုးသားနှစ်ဦးကို အထူးအာဏာပိုင်ဥပဒေ (Special Powers Act) အရ ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားသည်။ ကြက်တူရွေး အကောင် ၈၀ ကို နောက်ပိုင်းတွင် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖမ်းဆီးခံရသူ နှစ်ဦးကိုမူ တရားရုံးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
Ref: TBS