Myanmar Transparency News

ယခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စိစစ်ပြီး မြန်မာနိုင်ငံသား ၁၂,၁၇၆ ဦးကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားပြောကြား

UNHCR ၏ မှတ်တမ်းများအရ စက်တင်ဘာ ၃၀ ရက်အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီ ၁၃၃,၄၀၀ ဦး ရှိပြီး ထိန်းသိမ်းခံ ဘင်္ဂါလီ ၆,၂၉၄ ဦးရှိနေ
 
သက်တံ့
၁၇. ၁၁. ၂၀၂၆
 
မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ မြန်မာအစိုးရတာဝန်ရှိသူများက နိုင်ငံသားအဖြစ် စိစစ်ပြီးစီးသည့် ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁၂,၁၇၆ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီး ဖြစ်သည်ဟု Free Malaysia Today သတင်းဌာနက ဖော်ပြသည်။
 
မလေးရှားပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ နေရပ်ပြန်ပို့သည့် မှတ်တမ်းများသည် မူရင်းနိုင်ငံက အတည်ပြုပေးသည့် နိုင်ငံသားဖြစ်မှုအပေါ် အခြေခံခြင်းဖြစ်ပြီး ဘင်္ဂါလီလူမျိုးစုကို ရည်ညွှန်းခြင်း မဟုတ်ပေ။
 
“အဲဒီအရေအတွက် (၁၂၁၇၆ ဦး) ထဲက မြန်မာနိုင်ငံသား ထိန်းသိမ်းခံရသူ ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာ့ရေတပ် သင်္ဘောတွေကို အသုံးပြုပြီး အကြီးစား နေရပ်ပြန်ပို့ရေး အစီအစဉ်ကနေတစ်ဆင့် ပြန်လည်ပို့ဆောင်ခဲ့ပါတယ်” ဟု လွှတ်တော်ဝက်ဘ်ဆိုက်တွင် စာဖြင့်ရေးသား ဖြေကြားချက်၌ ဖော်ပြထားသည်။
 
မလေးရှားနိုင်ငံရှိ ဘင်္ဂါလီအရေအတွက် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် အရေအတွက်နှင့် ၎င်းတို့ မိခင်နိုင်ငံသို့ ပြန်ရောက်ပါက လုံခြုံရေးအတွက် တာဝန်ယူမည့် အဖွဲ့အစည်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်အမတ် လင်မ်လစ်ပ်အန်း (Lim Lip Eng – PH-Kepong) ၏ မေးမြန်းမှုကို ဝန်ကြီးဌာနက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
UNHCR ၏ မှတ်တမ်းများအရ စက်တင်ဘာ ၃၀ ရက်အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီစုစုပေါင်း ၁၃၃,၄၀၀ ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများအရ အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၁,၂၀၈ ဦး ရှိသည့်အနက် ဘင်္ဂါလီစုစုပေါင်း ၆,၂၉၄ ဦး ပါဝင်ကြောင်း မှတ်တမ်းတင်ထားသည်။
 
နိုင်ငံခြားသားများ၊ အထူးသဖြင့် တရားဝင် ခရီးသွားလာခွင့် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထား မရှိသူများကို နေရပ်ပြန်ပို့ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ခြင်း၊ နိုင်ငံသားဖြစ်မှု အတည်ပြုခြင်းနှင့် ခရီးသွားအထောက်အထား ထုတ်ပေးခြင်းတို့အတွက် ၎င်းတို့၏ မူရင်းနိုင်ငံများထံမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။
 
နိုင်ငံသားဖြစ်မှု အတည်ပြုခြင်း၊ ခရီးသွားအထောက်အထားများ စီစဉ်ပေးခြင်းနှင့် ၎င်းတို့၏ နိုင်ငံသားများကို နေရပ်ပြန်ပို့ခြင်း လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်နိုင်ရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုသည်။
 
မလေးရှားနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ နိုင်ငံအတွင်းသို့ တရားဝင် ဝင်ထွက်ခွင့်ပြုထားသည့် ဂိတ်များမဟုတ်သော ကုန်းလမ်းနှင့် ရေလမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် နည်းလမ်းများကို စိစစ်တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
 
“ဒီလိုရွှေ့ပြောင်းသွားလာမှုတွေမှာ မလေးရှားနိုင်ငံထဲ မဝင်ရောက်ခင် ကြားခံနိုင်ငံတွေကို ဖြတ်သန်းတာ အပါအဝင် မြန်မာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူ မှောင်ခိုကူးတဲ့ ဂိုဏ်းကွန်ရက်တွေ ပါဝင်ပတ်သက်နေပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဝင်ရောက်လာတဲ့ လမ်းကြောင်းနဲ့ နည်းလမ်းတွေကိုတော့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ မှတ်တမ်းစိစစ်မှုတွေကနေတစ်ဆင့်သာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
 
Ref: FMT

မူရင်းသတင်း — Myanmar Transparency News