
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တချို့၏အကာအကွယ်ပေးထားသည့် မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်း လိမ်လည်လုပ်ငန်းများလို အပ်သော ရိက္ခာ၊ စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးပစ္စည်း များကို ထိုင်းနိုင်ငံ ဘက်မှ တားဆီးပေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ပါနာကလာအူပလော့တွတ် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting 27th ACAMM) တက်ရောက်ရန် မလေးရှားနိုင်ငံသို့ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ယမန်နေ့(နိုဝင်ဘာ ၁၆ ရက်) ညနေပိုင်းက မလက္ကာမြို့ရှိ Double Tree Hotel၊ Strait-1 ခန်းမ၌ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ် ဆေးဝါး၊ တရားမဝင် နယ်စပ်ကုန်သွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက် ရောက် တားဆီးကာကွယ်နှိမ်နင်းလျက်ရှိသည့်ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တချို့၏အကာအကွယ်ဖြင့် နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာ၌ လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ်တားဆီးပေးရန်လည်း ထည့်သွင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
တပ်မတော် တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကြည်းတပ် ဦးစီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
