
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၇
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းကို တိုက်မိကာ ကားတစ်စီး ပက်လက်လန်၍ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၇ ရက်) နံနက် (၇) နာရီဝန်းကျင်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၈/၃ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်တိုင်အနီးတွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် TOYOTA KLUGER အမျိုးအစား အနက်ရောင်ယာဉ်တစ်စီးသည် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းရှိ အကာအရံများကို ဝင်တိုက်မိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား (၃) ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း လမ်းလယ်ကျွန်းရှိ အကာအရံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာ၌ လက်ဝဲယာဉ်ကြောကို ယာယီပိတ်ထားကာ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အမြန်လမ်းတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်မောင်းအိပ်ငိုက်ခြင်း ကြောင့် ဖြစ်ပွားရ ခြင်းဖြစ်သဖြင့် ယာဉ်မောင်းများအနေဖြင့် နှစ်နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တ အနားယူရန်နှင့် ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ်များ ပတ်ထားရန်နှင့် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင် ခြင်း မပြုရန် အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။
