
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံချမ်းအေးသာစံမြို့နယ်တွင် ပညာရေးကောလိပ်အတွင်းရှိ နှစ်ထပ်အမျိုးသမီးအိပ်ဆောင်အား ဖြိုဖျက်စဉ် ပေ(၁၀၀) ခန့်ရှိ သစ်သားထုတ်တန်း ပြုတ်ကျရာမှ တစ်ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၇ ရက်)၊ နံနက် (၁၀) နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ (၆၆) လမ်း၊ (၃၁) လမ်းနှင့် (၃၂) လမ်းကြားရှိ မန္တလေးပညာရေးဒီဂရီကောလိပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သည့် မန္တလေးပညာရေးဒီဂရီကောလိပ်အတွင်း ရှိ အလျား (၃၀) ပေ၊ အနံ (၁၀၀) ပေ၊ နံကပ်(၂) ထပ်အဆောက်အဦအား အသစ်ပြန်လည်တည်ဆောက်ရန်အတွက် လူ(၂၉)ဦးဖြင့် ဖြိုချဖျက်ဆီးနေစဉ် ပေ(၁၀၀)ခန့် သစ်သားထုတ်တန်း ပြုတ်ကျခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုတ်ကျခဲ့ခြင်းကြောင့် ဖြိုဖျက်ဆီးနေသူများအနက် အသက်(၄၅)နှစ်အရွယ်ဦးမျိုးမင်းထွန်းသည် ညှပ်ရိုးကျိုးဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့ပြီး အခြားအမျိုးသား(၄)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အဆောက်အဦဖြိုချရာတွင် တာဝန်ရှိသူ ဦးမောင်မောင်အား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
