Pika (NP News) - နိုဝင်ဘာ ၁၇
AI နည်းပညာကြောင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုရုပ်ပုံတွေ အဆမတန်များပြားလာနေပြီး လွန်ခဲ့တဲ့အချိန်(၂)နှစ်အတွင်း AIနဲ့ဖန်တီးထားတဲ့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ သတင်းပေးပို့မှုတွေက (၈,၄၀၀)ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာလေ့လာမှုကြီးတစ်ခုအရသိရပါတယ်။
ဒါ့ပြင် စွမ်းဆောင်ရည်မြင့်မားလာတဲ့ AIနည်းပညာတွေကိုအသုံးပြုပြီး တကယ့်ကလေးငယ်တွေရဲ့ပုံရိပ်တွေကို အခြေခံကာ လိင်ပိုင်းဆိုင်ရာအသားပေးဓါတ်ပုံတွေဖန်တီးနေကြပြီး ထိခိုက်ခံစားရသူတွေက ခြိမ်းခြောက်ငွေညှစ်ခံရတာမျိုးနဲ့ အမြတ်ထုတ်ခံရတာမျိုးတွေကို ရင်ဆိုင်နေရတယ်လို့ သုတေသီတွေက သတိပေးပြောဆိုထားပါတယ်။
နည်းပညာကုမ္ပဏီတွေက အမေရိကန်အခြေစိုက် National Center for Missing and Exploited Children (NCMEC) ထံပေးပို့ခဲ့တဲ့ AI နဲ့ဖန်တီးထားတဲ့ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရမှုဆိုင်ရာ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့သတင်းပေးပို့မှုတွေက (၂၀၂၃)ခုနှစ်မှာ (၄,၇၀၀)ခန့်ရှိခဲ့ပေမယ့်လည်း (၂၀၂၅)ခုနှစ်မှာ (၄)သိန်းကျော်အထိမြင့်တက်လာခဲ့တယ်လို့ Childlight Global Child Safety Institute ရဲ့ လေ့လာတွေ့ရှိချက်အရသိရပါတယ်။
AI နည်းပညာကိုအသုံးပြုထားတဲ့ဝတ်လစ်စလစ်ဓါတ်ပုံဖန်တီးတဲ့အက်ပ်တွေက သာမန်ဓါတ်ပုံတွေကို စက္ကန့်ပိုင်းလေးအတွင်းမှာတင် လက်တွေ့ကျကျပုံဖော်ထားတဲ့ လိင်ပိုင်းဆိုင်ရာအသားပေးပုံတွေအဖြစ် ပြောင်းလဲပေးနိုင်ပြီး အဲဒီပုံတွေကိုအသုံးပြုပြီးတော့ ခြိမ်းခြောက်မှုတွေနဲ့ ငွေညှစ်တာမျိုးတွေ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
(၂၀၂၄)ခုနှစ်နဲ့ (၂၀၂၅)ခုနှစ်အတွင်း AIနဲ့ဖန်တီးထားတဲ့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုဆိုင်ရာ အကြောင်းအရာတွေကြောင့် တိုက်ရိုက်ထိခိုက်ခံစားခဲ့ရတဲ့ ကလေးငယ်(၂၇၅)ဦးကျော်ကို NCMEC က ရှာဖွေတွေ့ရှိခဲ့ပြီး ကျူးလွန်သူအချို့ က ကလေးငယ်တွေနဲ့ ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်တဲ့လူတွေဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။