Eleven Media Group

■ မန္တလေးမြို့ ပညာရေးကောလိပ်အတွင်းရှိ ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံ ဖြိုချစဉ် ထုပ်တန်းပြိုကျမှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိ

မန္တလေးမြို့၊ ပညာရေးကောလိပ်အတွင်းရှိ ငလျင်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံဖြိုချစဉ် ထုပ်တန်းပြိုကျမှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိမှု နိုဝင်ဘာ ၁၇ ရက် (ယနေ့) နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆ လမ်း၊ ၃၂လမ်းနှင့်၃၃ လမ်းကြားရှိ ပညာရေးကောလိပ်အတွင်းရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးလျက်ရှိသော အလျား ၃၀ ပေ၊ အနံ ၁၀၀ ပေ၊ နံကပ်နှစ်ထပ်အဆောက်အအုံအား အသစ်ပြန်လည်တည်ဆောက်ရန်အတွက် လူ၂၉ ဦးဖြင့် ဖြိုချစဉ် ပေ ၁၀၀ ခန့်ရှိ သစ်သားထုပ်တန်း ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါထုပ်တန်းပြုတ်ကျမှုကြောင့် အလုပ်သမားဖြစ်သူ ဦးမျိုးမင်းထွန်း (အသက် ၄၅ နှစ်) သည် ညှပ်ရိုးကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန်လေးဦးမှာ နဖူး၊ခြေသလုံး၊ မေးစေ့၊မျက်လုံး၊ ပါးပြင်၊လက်မောင်း၊ရင်ဘတ်၊ ခါး၊လက်ခုံ ခြေထောက်စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအသီးသီးတွင် ဒဏ်ရာများရရှိသဖြင့် ဆေးကုသမှုခံယူလျက်ရှိကာ မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဆောက်အအုံဖြိုချရာတွင် တာဝန်ရှိသူအား အမှတ်(၃)နယ်မြေရဲစခန်းတွင် ပုဒ်မ၃၀၄-က၊ ပုဒ်မ၃၃၈ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။

မူရင်းသတင်း — Eleven Media Group