Myanmar Transparency News

အမေရိကန်သမ္မတ၏ အာဆီယံခရီးစဉ်မတိုင်မီ မနီလာမြို့၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တင်းမာမှုများ မြင့်တက်လာ

၁၇.၁၁.၂၀၂၆.
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် တက်ရောက်မည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးအတွက် ၎င်း၏ ခရီးစဉ်မတိုင်မီ၊ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့ရှိ Liwasang Bonifacio ရင်ပြင်နေရာတွင် ဆန္ဒပြသူများက “ထရမ့်ပ် ထွက်သွား”(Trump Out) ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲတစ်ခုပြုလုပ်ရန်အတွက် နိုဝင်ဘာလ ၁၇ ရက် နံနက်က စုဝေးရောက်ရှိနေခဲ့ကြသည်။ ထိုအချိန်တွင် ဆန္ဒပြပွဲအတွက် အသံချဲ့စက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Bagong Alyansang Makabayan (Bayan) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မုံ ပါလာတီနို၏ ပြောကြားချက်အရ၊ ဆန္ဒပြပွဲအတွက် အသံချဲ့စက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီးကို ရဲတပ်ဖွဲ့က ကြားဖြတ်တားဆီးရန် ကြိုးပမ်းရာမှ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ အသံချဲ့စက်ပစ္စည်းတွေကို Liwasang Bonifacio ရင်ပြင်နေရာထဲကို သယ်ဆောင်လာနိုင်ခဲ့ပါတယ်” ဟု ပါလာတီနိုက ပြောကြားသည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ ၎င်းက “ဒါကတော့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေဆီကနေ ဒီပစ္စည်းတွေကို သိမ်းယူဖို့ ကြိုးစားခဲ့လို့ပါပဲ” ဟု ထပ်လောင်းပြောဆိုသည်။

အသံချဲ့စက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်၏ တာယာများကို ရဲတပ်ဖွဲ့က ရေခဲထိုးတံ ကဲ့သို့သော ကိရိယာတစ်ခုကို အသုံးပြု၍ ဖောက်ဖျက်ဖျက်ဆီးခဲ့သည်ဟု ပါလာတီနိုက စွပ်စွဲပြောဆိုသည်။

“သူတို့ကိုယ်တိုင်ကပဲ သူတို့ တားမြစ်ထားတယ်လို့ ဆိုတဲ့ အန္တရာယ်ရှိလက်နက်မျိုးကို ကိုင်ဆောင်ထားကြတာပါ” ဟု ၎င်းက ဆိုသည်။

“သူတို့က ဘာလို့ ဆန္ဒပြပွဲကို ပိတ်ပင်တားဆီးနေတာလဲ။ အသံချဲ့စက်၊ မီးစက်နဲ့ ကားမပါဘဲနဲ့ ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ နေရာ’ လို့ သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ နေရာမှာ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အစီအစဉ်တစ်ခုကို ကျင်းပနိုင်မှာလဲ။ သူတို့လိုချင်တာက ဆန္ဒပြပွဲကို မဖြစ်မြောက်အောင် တားဆီးဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆန္ဒပြသူများသည် နေ့လယ် ၂ နာရီအချိန်တွင် Philippine International Convention Center (PICC) ဘက်သို့ ချီတက်သွားကြမည်ဟု မျှော်လင့်ရသည်။

Ref-inquirer.net

မူရင်းသတင်း — Myanmar Transparency News