Myanmar Transparency News

ထိုင်းတက္ကသိုလ်ကျောင်းသားများထံမှ သေနတ်ပြ ဖုန်းလုယက်မှုဖြင့် သံသယရှိသူ မြန်မာ ၃ ဦး ဖမ်းဆီးခံရ

သက်တံ့

၁၇. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ၊ ပထုံဌာနီပြည်နယ်၊ ခလောင်လွမ် (Khlong Luang) ခရိုင် ရဲတပ်ဖွဲ့သည် ကျောင်းသားများထံမှ သေနတ်အသုံးပြု၍ မိုဘိုင်းဖုန်းများ လုယက်ခဲ့သည်ဟု သံသယရှိရသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်သည့် မြန်မာနိုင်ငံသား ၃ ဦး ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု Khaosod English သတင်းဌာနက ဖော်ပြသည်။

တစ်ညတည်းတွင် ဖြစ်ပွားခဲ့သော လုယက်ခံရမှုများနှင့် ပတ်သက်၍ နစ်နာသူ ၃ ဦး၏ ရဲစခန်းသို့ တိုင်ကြားချက်အရ ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပထုံဌာနီပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးနှင့် ခလောင်လွမ် ရဲစခန်း ယာယီစခန်းမှူး ရဲမှူးကြီး ဝစ်နူရတ် ဖရိုမက် (Pol. Col. Wisnurak Phromet) က ဖမ်းဆီးမှုကို ဦးဆောင်ခဲ့သည်။ ၎င်းနှင့်အတူ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဒုတိယစခန်းမှူး ဒုရဲမှူးကြီး ချာလတ် ဟွမ်ငိုအမ် (Pol. Lt. Col. Chalat Homngoen)၊ ဒုရဲမှူးကြီး နာဝါချွန် ချွန်ချွိုင်း (Pol. Lt. Col. Nawachon Chomchoei)၊ ဒုရဲမှူးကြီး မွန်ထရီ ခွန်အတ် (Pol. Lt. Col. Monthree Khong-at)၊ ရဲအုပ် ပေါင်နော့ပ်နွန် ရန်ရော့ (Pol. Capt. Pongnopnon Rungrot) နှင့် ခလောင်လွမ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။

သံသယရှိသူများမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား နှစ်ဦးနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြသည်။ ရဲတပ်ဖွဲ့သည် မော်တော်ဆိုင်ကယ် တစ်စီး၊ ပြုပြင်ထားသော သေနတ် တစ်လက်၊ ထိုင်းနိုင်ငံလုပ် လက်လုပ်သေနတ် တစ်လက်နှင့် ကျည်ဆန် ကိုးတောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆောင်အပြင်ဘက်တွင် ကျောင်းသားတစ်ဦး သေနတ်ဖြင့်ချိန်၍ လုယက်ခံရ

သံသယရှိသူများသည် ထိုနေ့ ညဦးပိုင်းအချိန်တွင် အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးအား သေနတ်အသုံးပြု၍ လုယက်ခဲ့ကြောင်း ဒုရဲမှူးကြီး ချာလတ်က ပြောကြားသည်။ အဆိုပါကျောင်းသားသည် တက္ကသိုလ်မျက်နှာချင်းဆိုင်ရှိ အဆောင်မှ စတိုးဆိုင် (Convenience store) သို့ လမ်းလျှောက်သွားနေစဉ် သံသယရှိသူများက ဖုန်းကို လုယူသွားခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးများသည် အခင်းဖြစ်ပွားပြီးနောက် သံသယရှိသူများကို ခြေရာခံလိုက်လံခဲ့ပြီး ခလောင်လွမ်ခရိုင်၊ ခလောင်နျူအန် (Khlong Nueng) ရပ်ကွက်ခွဲ၊ ဆွိုင်ကဲနီမစ် (Soi Kaew Nimit) လမ်းသွယ်ရှိ အငှားအိမ်တစ်လုံးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ညတည်း လုယက်ခံရသူ ၃ ဦး အမှုဖွင့်တိုင်ကြား

သံသယရှိသူများ၏ မှတ်တမ်းများကို စစ်ဆေးချက်အရ အဆိုပါအဖွဲ့သည် ယခင်ကလည်း ထိုဒေသတစ်ဝိုက်တွင် လှည့်လည်သွားလာကာ လူများကို သေနတ်ဖြင့်ချိန်၍ အကြိမ်ကြိမ် လုယက်ခဲ့ဖူးကြောင်း တွေ့ရှိရသည်။

လက်ရှိအချိန်အထိ တစ်ညတည်းတွင် လုယက်ခံရသည့် နစ်နာသူ ၃ ဦးက အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်သည်။

အခြားနစ်နာသူများရှိပါကလည်း သံသယရှိသူများကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်အတည်ပြုနိုင်ရန် လာရောက်တိုင်ကြားကြဖို့ ရဲတပ်ဖွဲ့က ပြောကြားသည်။

အဝတ်အစားများအရ ရွှေ့ပြောင်းအလုပ်သမား ဂိုဏ်းတစ်ခုနှင့် ဆက်စပ်နေနိုင်ကြောင်း ရဲတပ်ဖွဲ့ပြောကြား

ထို့အပြင် ရဲတပ်ဖွဲ့သည် နေအိမ်အတွင်းမှ “Rat Chada Kids” ဟူသော စာတန်းရိုက်နှိပ်ထားသည့် အဝတ်အစားများကို သိမ်းဆည်းရမိခဲ့သည်။

ယင်းအချက်အရ အဆိုပါအဖွဲ့သည် ခူခေါ့ (Khu Khot) ရဲစခန်းနယ်မြေအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် ပက်ခလောင်ရန်းဆစ် (Pak Khlong Rangsit) ရဲစခန်းနယ်မြေအတွင်း သေနတ်ထုတ်ဖော်ပြသအနိုင်ကျင့်မှုတို့၏ နောက်ကွယ်မှ ရွှေ့ပြောင်းအလုပ်သမား ဂိုဏ်းတစ်ခုနှင့် ဆက်စပ်နေပုံရကြောင်း ဒုရဲမှူးကြီး ချာလတ်က ပြောကြားသည်။

သို့သော် ထိုဆက်စပ်မှုမှာ ဖြစ်နိုင်ခြေရှိကြောင်းသာ ပြောကြားခဲ့ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် ဖမ်းမိသံသယတရားခံများအား ဥပဒေကြောင်းအရ လိုအပ်သလို ဖော်ထုတ်အရေးယူရန် ဆက်လက်စစ်ဆေးနေကြောင်း ဒုရဲမှူးကြီး ချာလတ်က ပြောဆိုခဲ့သည်။

Ref: Khaosod English

မူရင်းသတင်း — Myanmar Transparency News