NP News

မလေးရှားရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှ မြန်မာနိုင်ငံသား (၇၅) ဦးကို မနက်ဖြန် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မည်

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၇
မလေးရှားရှိထိန်းသိမ်းရေးစခန်းတစ်ခုမှ မြန်မာနိုင်ငံသား(၇၅)ဦးကို မနက်ဖြန် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင် မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ယနေ့(နိုဝင်ဘာ ၁၇ ရက်)တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှတာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Bidor နှင့် Melaka Camp တို့မှ မြန်မာနိုင်ငံသား(၇၅)ဦးကို မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် လာမည့်(နိုဝင်ဘာ ၁၈ ရက်)တွင် ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်စာရင်းအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာတွင် သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် ဖော်ပြထားကြောင်း သိရသည်။
ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူ မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံ ရှင်များထံမှ ပြန်လည်သိရှိရသဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာ အသိုက်အဝန်း များအနေဖြင့် သတိထား ဆောင်ရွက်နိုင်ရန်လည်း အသိပေး ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News