
တတိယမြောက် အမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Theodore Roosevelt အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က နိုဝင်ဘာ ၁၆ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်က အီရန်နှင့်စစ်ပွဲအတွင်း နောက်ထပ် မည်သို့ဆောင်ရွက်မည်ဆိုသည့် ရွေးချယ်စရာများကို လမ်းဖွင့်ထားချိန် ယခုကဲ့သို့ စစ်အင်အားအများအပြား ထပ်မံဖြန့်ကြက်လာခြင်းဖြစ်သည်။
Roosevelt လေယာဉ်တင်သင်္ဘောနှင့်အတူ တိုက်ခိုက်ရေးရေယာဉ်အုပ်စုလည်း လိုက်ပါလာပြီး အဆိုပါသင်္ဘောအုပ်စုသည် စက်တင်ဘာလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့မှ စတင်ထွက်ခွာလာခဲ့သည်။
Roosevelt သည် အီရန်ရေကြောင်းကုန်သွယ်ရေးကို ပိတ်ဆို့ထားသည့် ဒေသတွင်းရှိ USS George H.W. Bush နှင့် USS George Washington လေယာဉ်တင်သင်္ဘောတို့အပြင် အခြားရေတပ်သင်္ဘောများနှင့် ပူးပေါင်းသွားမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အမေရိကန်လေယာဉ်တင်သင်္ဘော သုံးစင်းကို တစ်ပြိုင်နက်ဖြန့်ကြက်ထားခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။
အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်အရ လက်ရှိအာရေဗျပင်လယ်အတွင်းရှိ အမေရိကန်ရေတပ်သင်္ဘောအုပ်စုတွင် ဖျက်သင်္ဘော ၁၃ စင်း၊ ခရူဇာစစ်သင်္ဘောနှစ်စင်းနှင့် တိုက်ခိုက်ရေးသင်္ဘောတစ်စင်း ပါဝင်နေသည်။ ထို့ပြင် ဖျက်သင်္ဘောနှစ်စင်းလည်း ပင်လယ်နီအတွင်း၌ ဖြန့်ကြက်ထားသည်။
Roosevelt သည် USS Makin Island ကုန်းရေနှစ်သွယ် စစ်ဆင်ရေးအဖွဲ့နှင့်အတူ ထွက်ခွာလာခဲ့ပြီး ယင်းအဖွဲ့တွင် ကုန်းရေနှစ်သွယ် ကမ်းတက်သင်္ဘောများ၊ မရိန်းတပ်ဖွဲ့ဝင် ၂,၀၀၀ ခန့် ပါဝင်သည်။ သို့သော် အဆိုပါသင်္ဘောများက အရှေ့အလယ်ပိုင်းသို့ ရောက်မလာသေးပေ။