Eleven Media Group

■ APEC ထိပ်သီးအစည်းအဝေးပွဲ၏ သမိုင်းကြောင်းနှင့် ထူးခြားချက်များ

APEC ဟု လူသိများသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးကို ‌နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပမည်ဖြစ်သည်။

၂၀၂၆ APEC အစည်းအဝေးသည် ၃၃ ကြိမ်မြောက်အစည်းအဝေးဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းအစည်းအဝေးကို သုံးကြိမ်မြောက်လက်ခံကျင်းပခြင်းဖြစ်သည်။

ယခုနှစ်အစည်းအဝေး ကျင်းပမည့် ရှန်ကျန်းမြို့သည် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်တွင်ရှိသည်။

ရှန်ကျန်းမြို့သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော အထူးစီးပွားရေးဇုန်များထဲမှ တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်အကြာတွင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့်မြို့ တစ်မြို့ဖြစ်သည်။

အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ယင်းမြို့၏ GDP သည် အထူးစီးပွားရေးဇုန် စတင်တည်ထောင်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်ကထက် အဆပေါင်း ၁၄၀၀၀ အထိ မြင့်တက်လာခဲ့ပြီး နယ်စပ်မြို့ငယ်လေးတစ်မြို့အဖြစ်မှ နိုင်ငံတကာ မြို့တော်ကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲလာခဲ့သည်။

APEC အစည်းအဝေးကာလအတွင်း ရှန်ကျန်းမြို့အနေဖြင့် ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းနှင့် ရထားလမ်း အဝင်အထွက်အပေါက်များ အားလုံးတွင် အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအတွက် သီးသန့်လမ်းကြောင်းများကို စီစဉ်ထားရှိပြီးဖြစ်ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၁၄ ရက်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

ထို့ပြင် ဘာသာစကားဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့အတွင်းရှိရှိ နေရာပေါင်း ၁၀၀၀၀၀ ကျော်တွင် နိုင်ငံခြားဘာသာစကား လမ်းညွှန်ဆိုင်းဘုတ်များကို စံချိန်စံညွှန်းမီ ပြင်ဆင်ထားရှိပြီး အငှားယာဉ်များတွင်လည်း ဘာသာစကားနှစ်မျိုးဖြင့် အသံလွှင့်ကြေညာပေးသည့် စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။

မြို့ပြသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အခမ်းအနားကျင်းပနေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသော ခရီးသွားလာရေး အစီအစဉ်တွင် ပါဝင်ရန် မော်တော်ယာဉ်ပိုင်ရှင် ၁ ဒသမ ၅ သန်းကျော်က မိမိတို့သဘောဆန္ဒအလျောက် စာရင်းပေးသွင်းထားကြသည်။

အချို့သော မြေအောက်ရထားလိုင်းများတွင် ရထားတစ်စင်းနှင့်တစ်စင်းကြား စောင့်ဆိုင်းချိန်ကို နှစ်မိနစ်အထိ လျှော့ချပေးသွားမည်ဖြစ်ပြီး၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဘတ်စ်ကားနှင့် မြေအောက်ရထား ချိတ်ဆက်ပြေးဆွဲမည့် လမ်းကြောင်းသစ် ၅၆ ခုကိုလည်း ထပ်မံတိုးချဲ့ထားကြောင်း သိရသည်။

APEC အဖွဲ့သည် ကမ္ဘာ့ဂျီဒီပီ စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ကို ကိုယ်စားပြုထားသည်။

APEC ဟု လူသိများသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဖွဲစည်းရေး အယူအဆကို ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း ဘော့ဘ် ဟော့ခ်က လူသိရှင်ကြား စတင်အဆိုပြုခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ယင်းအချိန်က ဩစတြေးလျဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ၁၉၈၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြိုတော်မှာ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုအတွင်း APEC ဖွဲစည်းရေးကို အဆိုပြုခဲ့သည်။

ထို့နောက် ၁၀ လအကြာမှာတွင် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် အမေရိကန်တို့သာ် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် တွေ့ဆုံပြီး အဖွဲဝင် ၁၂ နိုင်ငံ ပါဝင်တဲ့ APEC ကို စတင်တည်ထောင်ခဲ့ကြသည်။

လက်ရှိတွင့် APEC တွင် အဖွဲ့ဝင် ၂၁ နိုင်ငံအထိ ရှိလာပြီး ကမ္ဘာ့စူပါ ပါဝါ သုံးနိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့လည်း ပါဝင်သည်။

APEC တွင် ဒေသတွင်းအာဆီယံနိုင်ငံ ၇ နိုင်ငံပါဝင်ပြီး ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်သည်။

ယင်း APEC အဖွဲ့သည် စတင်တည်ထောင်ပြီး ပထမဆုံး ၁၀ နှစ်တာကာလအတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ရာခိုင်နှုန်း ၇၀ ကို ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။

APEC အဖွဲ့သည် စတင်တည်ထောင်ချိန်မှစ၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးတွေ လျှော့ချရေး၊ လွတ်လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံပေါင်းစုံ ပါဝင်သည့် မူဝါဒကို မြှင့်တင်ပေး‌သော ပလက်ဖောင်းတစ်ခုအဖြစ် အဓိကလုပ်ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်များအတွင်း APEC အစည်းအဝေးများ၌ ဒစ်ဂျစ်တယ်အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရေး၊ AI နည်းပညာကို အကျိုးရှိစွာ အသုံးချရေး၊ ရေရှည်တည်တံ့တဲ့စွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေး၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအတွက် အခွင့်အလမ်းများ တိုးမြှင့်ရေး စသည့် အကြောင်းအရာများကို ထပ်မံထည့်သွင်းပြီး ဆွေးနွေးလာခဲ့ကြသည်။

အစည်းအဝေးကာလများအတွင်း အဖွဲဝင်နိုင်ငံများမှ ခေါင်းဆောင်များကလည်း နှစ်စဉ်ပြုလုပ်လေ့ရှိသော ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံလေ့ရှိသည်။

အထူးသဖြင့် APEC ထိပ်သီးအစည်းအဝေးများ၌ စူပါပါဝါ ၃ နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်နဲ့ ရုရှားသမ္မတများကို အဓိကစောင့်ကြည်ကြလေ့ရှိသည်။

အဆိုပါ သုံးနိုင်ငံမှ ခေါင်းဆောင်များသည် နိုင်ငံရေးအခြေအနေ၊ ပြည်တွင်းရေးကိစ္စများနှင့်နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲတွေပေါ် မူတည်ပြီး APEC အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်လေ့ရှိသလို ကိုယ်စားလှယ်များသာ စေလွှတ်သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင်သည် အာရှ-ပစိဖိတ်ဒေသတွင်းမှာ တရုတ်၏ ဩဇာလွှမ်းမိုးမှုများနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် APEC ထိပ်သီးအစည်းအဝေးကို ကိုယ်တိုင် တက်ရောက်လေ့ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆင်ဟွာသတင်းဌာနတို့၏ တရားဝင်မှတ်တမ်းများအရ APEC အစည်းအဝေး ဖျက်သိမ်းခဲ့သော ၂၀၁၉ ခုနှစ်ကလွဲပြီး သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၃ ခုနှစ်မှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အထိ ၁၂ ကြိမ်စလုံး ပါဝင်တက်ရောက်ခဲ့သည်။ ယခု ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် အစည်းအဝေးနှင့်ဆိုလျှင် ၁၃ ကြိမ်မြောက် တက်ရောက်မှုဖြစ်လာမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ၎င်း၏ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် မတက်ရောက်ခဲ့ပေ။ထို့ပြင် APEC အစည်းအဝေး ဖျက်သိမ်းခဲ့သော ၂၀၁၉ ခုနှစ်နှင့်ကိုပါ ထည့်တွက်လျှင် နှစ်ကြိမ် မတက်ခဲ့သည့်သဘောဖြစ်သည်။

၎င်း၏ ဒုတိယသက်တမ်းတွင် ၂၀၁၅ ခုနှစ်က APEC အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ၂၀၂၆ APEC အစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်သည်။

ထူးခြားချက်တစ်ခုအဖြစ် အမေရိကန်သမ္မတများထဲ၌ ဂျော့ခ်ျ ဒဗလျူ ဘုရှ် တစ်ယောက်တည်းသာ ၎င်း၏ ရာထူးသက်တမ်းအတွင်း APEC အစည်းအဝေး ရှစ်ကြိမ်စလုံး လူကိုယ်တိုင် မပျက်မကွက် တက်ရောက်ခဲ့ကြောင်းသိရသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၎င်း သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော ၂၀၀၀ ပြည့်နှစ်မှစ၍ APEC ထိပ်သီးအစည်းအဝေးတက်ရောက်မှုမှတ်တမ်းကို ကြည့်လျှင် လူကိုယ်တိုင်နဲ့ အွန်လိုင်းက တက်ရောက်မှု အကြိမ်ပေါင်း ၁၄ ကြိမ်ရှိခဲ့သည်။

ထူးခြားချက်တစ်ခုအနေဖြင့် ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့သော ၂၀၂၂ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ ပူတင်သည် APEC ထိပ်သီးအစည်းအဝေးပွဲကို ၄ နှစ်ဆက်တိုက် မတက်ခဲ့ပေ။

သို့သော် ၂၀၂၆ ခုနှစ် APEC ထိပ်သီးအစည်းအဝေးပွဲကို ပူတင်တက်ရောက်မည်ဖြစ်သလို စူပါပါဝါ သုံးနိုင်ငံက ခေါင်းဆောင်ဖြစ်သည့် ထရန့် ၊ရှီ နဲ့ ပူတင်တို့သည် သုံးပွင့်ဆိုင် အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းသုံးပွင့်ဆိုင် အစည်းအဝေးသည် ယခုနှစ် APEC အစည်းအဝေးတွင် နိုင်ငံတကာမှ အဓိက စောင့်ကြည့်ကြမည့်အကြောင်းအရာ ဖြစ်သည်။

အဆိုပါ APEC နှင့် ဆက်စပ်အစည်းအဝေးများအား သတင်းရယူရန် Eleven Media Group အား တရုတ်နိုင်ငံ၊ China Public Diplomacy Association (CPDA)က ဖိတ်ကြားထားပြီး Eleven Media Group ၏ အမှုဆောင်အယ်ဒီတာ ကိုတိုးဝေဖြိုးနှင့် နိုင်ငံတကာသတင်းအယ်ဒီတာ မမြတ်သက်မှူးကိုတို့က တက်ရောက်သတင်းရယူမည်ဖြစ်သည်။

■ တိုးဝေဖြိုး၊ မြတ်သက်မှူးကို

မူရင်းသတင်း — Eleven Media Group