Myanmar Transparency News

Ovaltine ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ တင်သွင်း၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း အောက်တိုဘာလက စတင်၍ ရပ်ဆိုင်းခဲ့ပြီဖြစ်ပြီး ကုန်ပစ္စည်းအစစ်အမှန်ဖြစ်မှု အပါအဝင် မည့်သည့်ကိစ္စအတွက်မဆို ၎င်းတို့တွင် တာဝန်ရှိမည်မဟုတ်ကြောင်း DKSH Myanmar သတိပေးကြေညာ

၁၈.၁၁.၂၀၂၆
Written by Linn Eain

Ovaltine ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ တင်သွင်း၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို အောက်တိုဘာလက စတင်၍ ရပ်ဆိုင်းခဲ့ပြီဖြစ်ပြီး ကုန်ပစ္စည်းအစစ်အမှန်ဖြစ်မှု အပါအဝင် မည့်သည့်ကိစ္စအတွက်မဆို ၎င်းတို့တွင် တာဝန်ရှိမည်မဟုတ်ကြောင်း DKSH Myanmar က နိုဝင်ဘာ ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာထဲတွင် အများပြည်သူသို့ သတိပေးကြေညာချက်အနေဖြင့် ကြော်ငြာထားသည်။

DKSH (Myanmar) Limited သည် AB Food & Beverages (Thailand) Ltd. မှ ထုတ်လုပ်သော Ovaltine အမှတ်တံဆိပ် ထုတ်ကုန်များအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်၍ မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်ကစတင်၍ DKSH (Myanmar) Limited နှင့် AB Food & Beverages (Thailand) Ltd အကြားထားရှိခဲ့သော ဖြန့်ချိရေးသဘောတူစာချုပ် သဘောတူစာချုပ်အား ရပ်စဲခဲ့ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်မှစတင်၍ Ovaltine ထုတ်ကုန်များအား ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ရပ်ဆိုင်းခဲ့ပြီးဖြစ်ကာ DKSH မှ ဈေးကွက်တွင် နောက်ဆုံးဖြန့်ဖြူးထားသော Ovaltine ထုတ်ကုန်များသည် Batch (Batch No. 260320 / EXP: 19 Mar 2028) ထုတ်ကုန်များဖြစ်ကြောင်း ကြေညာထားသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် DKSH မှ ဖြန့်ချိထားခြင်းမဟုတ်သော (သို့တည်းမဟုတ်) အခြားလမ်းကြောင်းများမှ ဝယ်ယူရရှိသော Ovaltine ထုတ်ကုန်များ (သို့မဟုတ်) အခြား Distributor (သို့မဟုတ်) Supplier များထံမှ ဝယ်ယူထားသော Ovaltine ထုတ်ကုန်များကို DKSH မှ ဖြန့်ဖြူးရောင်းချထားသော ထုတ်ကုန်များအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်းနှင့် ထိုထုတ်ကုန်များ၏အရည်အသွေး၊ ကုန်ပစ္စည်းအစစ်အမှန်ဖြစ်မှုအပါအဝင် မည်သည့်ကိစ္စအတွက်မဆို DKSH တွင် မည်သည့်တာဝန်မျှ ရှိမည်မဟုတ်ကြောင်း သတိပေးကြေညာမှုတွင် ဖော်ပြထားသည်။

ထို့အပြင် ကုမ္ပဏီ၊ မည်သည့်လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ DKSH ကုမ္ပဏီ၏ အမည်၊ အမှတ်တံဆိပ်၊ လိုဂို သို့မဟုတ် အခြားသက်သေခံအမှတ်အသားများ အသုံးပြုရန် ခွင့်ပြုထားခြင်းမရှိကြောင်းလည်း ၎င်းတို့ကြေညာချက်အရ သိရသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်း Ovaltine ထုတ်ကုန်များကို မြန်မာနိုင်ငံဈေးကွက်အတွင်း ရောင်းချရာတွင် ကုမ္ပဏီကဖြန့်ချိသည်ဟု ဖော်ပြထားခြင်း သို့မဟုတ် အဓိပ္ပာယ်ရစေသည့် ထုပ်ပိုးပစ္စည်းနှင့် အညွှန်းစာများ အသုံးပြုထားခြင်းမပြုရန် အသိပေးအပ်ကြောင်းနှင့် ယင်းသို့ ကုမ္ပဏီ၏ ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီ၏ အမည်၊ အမှတ်တံဆိပ်၊ လိုဂို သို့မဟုတ် အခြားသက်သေခံအမှတ်အသားများ အသုံးပြုရိုက်နှိပ်၍ Ovaltine ထုတ်ကုန်များကို ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း DKSH Myanmar က သတိပေးကြေညာထားသည်။

မူရင်းသတင်း — Myanmar Transparency News