Eleven Media Group

■ မြန်မာစျေးကွက်အတွင်း ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် Ovaltine ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချခြင်း ရပ်ဆိုင်း

မြန်မာ စျေးကွက်အတွင်း ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် Ovaltine ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချခြင်းရပ်ဆိုင်းလိုက်သည်ဟု ယင်းထုတ်ကုန်များကို တင်သွင်းနေသည့် DKSH (Myanmar) Limited က နိုင်ငံပိုင်သတင်းစာများတွင် ကြေညာသည်။

DKSH (Myanmar) Limited အနေဖြင့် AB Food & Beverages (Thailand) Ltd. ကထုတ်လုပ်သည့် Ovaltine အမှတ်တံဆိပ်ထုတ်ကုန်များအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှတင်၍ မြန်မာနိုင်ငံဈေးကွက် အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချခဲ့သည်။

ယင်းသို့ရောင်းချရာမှ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ရက်မှစ၍ DKSH (Myanmar) Limited နှင့် AB Food & Beverages (Thailand) Ltd တို့အကြား သဘောတူစာချုပ်အား ရပ်စဲခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်မှစတင်၍ Ovaltine ထုတ်ကုန်များ အား ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

ဈေးကွက်တွင် နောက်ဆုံးဖြန့်ဖြူးထားသော Ovaltine ထုတ်ကုန်များမှာ Batch (Batch No. 260320 / EXP: 19 Mar 2028) ဖြစ်ကြောင်း၊၂၀၂၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် DKSH မှ ဖြန့်ချိထားခြင်းမဟုတ်သော (သို့တည်း မဟုတ်) အခြားလမ်းကြောင်းများမှ ဝယ်ယူရရှိသော Ovaltine ထုတ်ကုန်များ သို့မဟုတ် အခြား Distributor သို့မဟုတ် Supplier များထံမှ ဝယ်ယူထားသော Ovaltine ထုတ်ကုန်များကို DKSH မှ ဖြန့်ဖြူးရောင်းချထားသော ထုတ်ကုန်များအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း၊ ယင်းထုတ်ကုန်များ၏ အရည်အသွေး၊ ကုန်ပစ္စည်းအစစ် အမှန်ဖြစ်မှု အပါအဝင် မည်သည့်ကိစ္စအတွက်မဆို ကုမ္ပဏီအနေဖြင့် မည်သည့်တာဝန်မျှရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကုမ္ပဏီ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ DKSH ကုမ္ပဏီ၏ အမည်၊ အမှတ်တံဆိပ်၊ လိုဂို သို့မဟုတ် အခြားသက်သေခံအမှတ်အသားများ အသုံးပြုရန် ခွင့်ပြုထားခြင်း မရှိကြောင်း၊ ယင်းကြောင့်၂၀၂၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း Ovaltine ထုတ်ကုန်များကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချရာတွင် ကုမ္ပဏီက ဖြန့်ချိသည်ဟု ဖော်ပြထားခြင်း သို့မဟုတ် အဓိပ္ပာယ် ရစေသည့် ထုပ်ပိုးပစ္စည်းနှင့် အညွှန်းစာများ အသုံးပြုထားခြင်းမပြုရန် အသိပေးအပ်ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီ၏အမည်၊ အမှတ်တံဆိပ်၊ လိုဂို သို့မဟုတ် အခြားသက်သေခံအမှတ်အသားများ အသုံးပြုရိုက်နှိပ်၍ Ovaltine ထုတ်ကုန်များကို ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံထုတ် Ovaltine ထုတ်ကုန်များမှာ မြန်မာစျေးကွက်အတွင်း စျေးကွက်ဝေစုအများအပြား ရရှိထားသည့် စားသုံးကုန်တစ်ခုလည်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group