Myanmar Digital News

ဆီးချိုသွေးချို ရောဂါဘေး စောစောရှာဖွေကုသပေး

မကူးစက်နိုင်သောရောဂါများ (NCDs - Non - Communicable Diseases) ဖြစ်ပွားရခြင်းသည် ရောဂါပိုးမွှားများ ကူးစက်ခြင်းကြောင့် မဟုတ်ဘဲ လူတစ်ဦးချင်း၏ မျိုးရိုးဗီဇ၊ ဇီဝကမ္မဖြစ်စဉ်များ၊ ပတ်ဝန်းကျင်အခြေအနေနှင့် နေထိုင်စားသောက်မှု အလေ့အထများကြောင့်ဖြစ်သည်။ မကူးစက်နိုင်သော နာတာရှည်ရောဂါများထဲတွင် အဖြစ်အများဆုံးသောရောဂါတို့မှာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါနှင့် ဆီးချိုရောဂါတို့ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်းသုတေသန STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချိုကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ "Early Action on Diabetes" ဖြစ်ပြီး ဆီးချိုသွေးချိုရောဂါကို စောစီးစွာသိရှိစစ်ဆေးပြီး အချိန်မီထိန်းချုပ်ကုသနိုင်ရန် ရည်ရွယ်၍ “ဆီးချိုသွေးချို ရောဂါဘေး စောစောရှာဖွေကုသပေး” ဟု မြန်မာပြန်ဆိုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည်။

 

ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးအတွင်း အချိုဓာတ်များနေသော ရောဂါတစ်ခုဖြစ်ပြီး ကလေးသူငယ်များနှင့် လူငယ်လူရွယ်များတွင်အဖြစ်များသည့် ဆီးချိုသွေးချိုရောဂါအမျိုးအစား (၁) နှင့် အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည့် ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂) တို့မှာ အဓိကအမျိုးအစားများ ဖြစ်သည်။ အမျိုးအစား (၁) သည် ပန်ကရိယဟု ခေါ်သော ဂလင်းအကျိတ်မှ အင်ဆူလင်ဟော်မုန်းကို လိုအပ်သလောက် မထုတ်ပေးနိုင်ခြင်းကြောင့်ဖြစ်လာရခြင်းဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းတို့တွင် ဆီးချိုသွေးချို အမျိုးအစား (၁) ကို တွေ့ရသည်။ ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ ထွက်လာသော အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က အပြည့်အဝအသုံးမပြုနိုင်ခြင်းကြောင့်ဖြစ်ပေါ်လာသော ဆီးချိုသွေးချိုအမျိုးအစား (၂) မှာ ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းတွင် တွေ့ရှိရာ အဖြစ်အများဆုံးဖြစ်သည်။

 

ဆီးခဏခဏသွားခြင်း၊ ရေအလွန်ငတ်ခြင်း၊ ဆာလောင်နေတတ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ နုံးချည့်နေခြင်း၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုမရှိခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာများ မကြာခဏပေါက်ခြင်း၊ အနာကျက်ရန်ခက်ခဲခြင်း၊ ခြေလက်များ ထုံကျဉ်ခြင်း စသည်တို့မှာ ဆီးချိုသွေးချိုရောဂါ၏လက္ခဏာများပင်ဖြစ်သည်။ မိသားစုဝင်ထဲ၌ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ ကိုယ်အလေးချိန်များလွန်းခြင်း၊ အထူးသဖြင့် ဝမ်းတွင်းအဆီများလွန်းခြင်း၊ အသက် ၄၅ နှစ် အထက်ဖြစ်ခြင်း၊ ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် ဘဝနေထိုင်မှုဟန်ရှိခြင်း၊ ယခင်က ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါရှိခဲ့ဖူးခြင်း၊ ယခင်က ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်များရှိခဲ့ခြင်း စသည့်အချက်များမှာ ဆီးချိုသွေးချို ဖြစ်နိုင်ခြေရှိသူအဖြစ် သတိပြုရန်လိုသည်။

 

ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရောဂါပိုးဝင်လွယ်၍ အနာကျက်ရန်ခက်ခဲခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆင့်ပွားရောဂါများကြောင့် မိခင်နှင့် ကလေး၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်ထိခိုက်နိုင်ခြင်း စသည့် ပြင်းထန်သော နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများ ဖြစ်မလာစေရန် ဆီးချိုသွေးချိုရောဂါကို စောစီးစွာရှာဖွေကုသရန်လိုသည်။ ဆီးချိုသွေးချိုရောဂါကို အမြစ်ပြတ်အောင်ကုသ၍မရသော်လည်း ဆရာဝန်နှင့်ပြသ၍ သွေးချိုမှန်မှန်စစ်ဆေးခြင်း၊ စနစ်တကျနေထိုင်စားသောက်ပြီး ကျွမ်းကျင်သူများနှင့် ကုသမှုခံယူခြင်းဖြင့် သက်တမ်းစေ့နေထိုင်နိုင်သည်။

 

ဆီးချိုသွေးချိုရောဂါရှိနေပါက အစားလျှော့စားပြီး အချို၊ အငန်၊ အဆီများသည့် အစားအစာများကိုလည်း လျှော့စားရန်၊ ရေများများသောက်ရန်၊ ကိုယ်အလေးချိန်ထိန်းရန်၊ အထိုင်များခြင်းကိုရှောင်၍ လှုပ်ရှားမှုများများပြုလုပ်ရန်၊ နေ့စဉ်နာရီဝက်၊ တစ်ပတ်လျှင် ၅ ရက် စုစုပေါင်း မိနစ် ၁၅၀ ထက်မနည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်၊ အမျှင်ဓာတ်များသောအစားအစာ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများနှင့် စုံအောင်စားရန်၊ တိရစ္ဆာန်မှရသော အဆီများကို ရှောင်ရန်နှင့် စိတ်ဖိစီးမှုများကို လျော့နိုင်သမျှလျော့အောင် ကြိုးစားနေထိုင်ရန် ကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားရာ ဂရုတစိုက်လိုက်ပါကျင့်သုံးကြခြင်းဖြင့် ဘဝသက်တမ်းရှည်ကြာ နေနိုင်ကြပါစေကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News