Eleven Media Group

မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိ

မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်က ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများဖြစ်ပွား နိုင်ခြေများကို လေ့လာခြင်းသုတေသန STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Early Action on Diabetes” ဖြစ်ပြီး ဆီးချိုသွေးချိုရောဂါကို စောစီးစွာသိရှိစစ်ဆေးပြီး အချိန်မီထိန်းချုပ်ကုသနိုင်ရန် ရည်ရွယ်၍ “ဆီးချိုသွေးချိုရောဂါဘေး စောစောရှာဖွေကုသပေး” ဟု မြန်မာပြန်ဆိုထားကြောင်း၊ ဆီးချိုသွေးချိုရောဂါသည် ရောဂါလက္ခဏာများ ထင်ရှားစွာမပြဘဲ တိတ်တဆိတ်ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်သည့်အတွက် အချိန်မီမစစ်ဆေးလျှင် ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် မျက်စိကွယ်ခြင်းတို့အပြင် ပြင်းထန်သည့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများကို ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုသွေးချိုရောဂါများအပါအဝင် အခြားမကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများကာကွယ် နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကိုရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်လည်း ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် မကူးစက်နိုင်သောရောဂါများကို စစ်ဆေးကုသပေးသည့် ဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိကြောင်း၊ ကုသမှုအတွက် လိုအပ်သည့် အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှကျပ်သန်းပေါင်းများစွာ အကုန်အကျခံဝယ်ယူ၍ ပြည်သူများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ထိရောက်သည့် စစ်ဆေးကုသမှုများပေးရန်အတွက် အခြေခံကျန်းမာရေးဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း၊ ပြည်သူ့ဆေးရုံများတွင် အထူးကုဆရာဝန်ကြီးများဦးဆောင်၍ စဉ်ဆက်မပြတ် အစဉ်တစိုက် လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ မှတ်တမ်းဗီဒီယိုနှင့် ခင်းကျင်းပြသ ထားသော ပြခန်းငယ်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဟော်မုန်းပညာရှင်များအသင်းနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group