Myanmar Digital News

တောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှစတင်၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ကုမ္ပဏီအသင်း အဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများနှင့် တောင်ကြီးမြို့ အနီးဝန်းကျင်မြို့၊ ရွာများမှ ပြိုင်ပွဲဝင်အသင်းများက အတီးအမှုတ်၊ အကအခုန်များနှင့် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လွှတ်တင်လျက်ရှိကြသည်။

 

အဆိုပါ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၏ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲ စတုတ္ထနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဝေရာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ဆက်လက်ကျင်းပလျက်ရှိသည်။

 

စတုတ္ထနေ့ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၃၉)သင်းတို့က မိမိတို့၏ လက်ရာမြောက် အရုပ်မီးပုံးပျံများကို စနစ်တကျ ပြင်ဆင်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကောင်းကင်ယံသို့ လွှတ်တင်ကာ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ခဲ့ကြရာ မီးပုံးပျံများ လွှတ်တင်ချိန်တွင် ပရိသတ်များ၏ အားပေးသံများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

အဆိုပါ တောင်ကြီးမြို့၊ ၂၀၂၆ ခုနှစ်၊ တန်ဆောင် တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ခေတ်ပေါ် တေးဂီတတီးဝိုင်းများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်း၊ မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ညမီးကြီး (၇၁)လုံး၊ စိန်နားပန် (၄၁)လုံး၊ စုစုပေါင်း နေ့လွှတ်အရုပ်များနှင့် ညမီးကြီး/စိန်နားပန် မီးပုံးပျံ များ(၅၆၁)လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။     

 

ယနေ့တွင် ညလွှတ်မီးပုံးပျံကို ညနေ ၆ နာရီခွဲမှ ပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ကာ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေ့ရက်အလိုက် လွှတ်တင်သွားမည် ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပစဉ်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှုသူများဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်အေးချမ်းစွာ ဆက်လက်ကျင်းပ လျက်ရှိကြောင်း သတင်းရရှိသည်။  

၁၀၀

မူရင်းသတင်း — Myanmar Digital News