
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် Nations League ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို လက်ခံကျင်းပရန် ဆန္ဒရှိနေကြောင်း သိရသည်။
Nations League ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ဆီမီးဖိုင်နယ်မှစ၍ သတ်မှတ်ထားခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်ရောက် အသင်း(၄)သင်းထဲမှ နိုင်ငံတစ်ခုတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။
ကျုင်းပပြီးခဲ့သည့် ပြိုင်ပွဲ(၄)ကြိမ်တွင် အိမ်ရှင်အဖြစ် ၂၀၁၈-၁၉ ရာသီတွင် ပေါ်တူဂီ၊ ၂၀၂၀-၂၁ ရာသီတွင် အီတလီ၊ ၂၀၂၂-၂၃ ရာသီတွင် နယ်သာလန်၊ ၂၀၂၄-၂၅ ရာသီတွင် ဂျာမနီတို့ လက်ခံကျင်းပခဲ့ကြပြီး အင်္ဂလန်နိုင်ငံအနေဖြင့် လက်ခံကျင်းပဖူးခြင်း မရှိသေးပေ။
ထို့ကြောင့် ယခု ၂၀၂၆-၂၇ ရာသီတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် Nations League ပြိုင်ပွဲ၌ ၂၀၁၈-၁၉ တစ်ရာသီသာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ဖူးပြီး ကျန်ရာသီများ၌ ကွာတားဖိုင်နယ်သို့ပင် တက်ရောက်နိုင်ခဲ့ခြင်းမရှိသည့်အပြင် တန်းဆင်းရသည့်အခြေအနေနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ယခုရာသီတွင်မူ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် နော်ဝေတို့ထဲမှ တစ်သင်းသင်းနှင့် ဆုံတွေ့ရဖွယ်ရှိနေသည်။
အင်္ဂလန်နည်းတူ စပိန်နှင့် ပြင်သစ်ကလည်း ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန္ဒရှိနေကြောင်း သိရသည်။
အဆိုပါနောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ၂၀၂၇ ခုနှစ် ဇွန်လ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။